HAPPY HOME PHOTOGRAPHY – NOTE ( 13 )
Type of Photography
ဓါတ်ပုံ အမျိုးအစားများ
အခု
Note မှာတော့ ဓါတ်ပုံ အမျိုးအစားများစွာရှိတဲ့အနက်က Beginner တစ်ယောက် အနေနဲ့ အခြေခံ
သိသင့်သိထိုက်တဲ့ တစ်ချို့ အရေးကြီး မယ်ထင်တဲ့
Photography Type တွေကို အုပ်စု (၃) ခုခွဲပြီး ဖေါ်ပြသွားပါမယ်။
(1)
Nature Photography
(2)
People Photography
(3)
Manmade Objects Photography
(1)
Nature Photography
Nature
Photography ဆိုတာကတော့ သဘာ၀နဲ့ဆိုင်တဲ့ အရာတွေကို အထူးပြုရိုက်ကူးတဲ့ ဓါတ်ပုံအမျိုးအစားပါ။
သဘာ၀နဲ့ စပ်ဆိုင်တဲ့ အကြောင်း အရာအမျိုးမျိုးပါဝင်နိုင်ပြီး အများအားဖြင့် တွေ့ရလေ့ရှိတဲ့
Nature Photography နဲ့အကျုံးဝင်ပတ်သက်တဲ့ အကြောင်းအရာ လေးတွေကို ခေါင်းစဉ်လေးတွေခွဲပြီး
ဆက်လက်လေ့လာကြည့်ရအောင်။
Landscape Photography
ရှုမျှော်ခင်းအလှပုံတွေကို အထူးပြုရိုက်ကူးတဲ့ ဓါတ်ပုံအမျိုးအစားပါ။ များသောအားဖြင့် ကျယ်ပြန့်တဲ့ မြင်ကွင်းမျိုးဖြစ်တတ်ပြီး၊ တစ်ခါတစ်လေမှာ မြင့်ကွင်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ အသားပေးရိုက်ကူးတာမျိုးလဲ ရှိတတ်ပါတယ်။ အခုခောတ်မှာ အတော်ပဲ ရေပန်းစားလာတဲ့ ဓါတ်ပုံ အမျိူးအစားလဲဖြစ်သလို၊ ရှမျှော်ခင်းမှာမှ နဲနဲ အသေးစိပ်ထပ်ပြီး အထူးပြုရိုက်ကူး ကြတာမျိုးလဲရှိပါတယ်။ Seascape Photography လို့ခေါ်တဲ့ ပင်လယ်ရှုခင်းအလှ၊ Strom Photography လို့ခေါ်တဲ့ မုန်တိုင်း သို့ ရာသီဥတုဆိုးရွားနေစဉ်ဖြစ်တတ်တဲ့ သဘာ၀ကိုရိုက်ကူးတာ၊ Urban Landscape လို့ခေါ်တဲ့ မြို့ပြအလှတွေကိုရိုက်ကူးတာ စသည်ဖြင့်ပေါ့။
Wildlife Photography
တောရိုင်းတရိစန်တွေရဲ့
ပုံတွေကို အထူးပြုရိုက်ကူးတာပါ။ ဝါသနာကြီးဖို့၊ အချိန်ပေးနိုင်ဖို့၊ အပင်ပန်းခံနိုင်ဖို့
စိန်ခေါ်မှုတွေများတဲ့ ဓါတ်ပုံအမျိုးအစားပါ။ တောရိုင်း တိရိစန် ဆိုရာမှာ၊ အိမ်မွေးတိရိစန်
မဟုတ်တာတွေ ကိုဆိုလိုတာဖြစ်လို့ ငှက်နဲ့ ကိုယ်ပတ်ဝန်းကျင်မှာတွေ့ရတတ်တဲ့ အခြား တိရိစန်
အကောင်ငယ်လေးတွေကိုလဲ အလေ့အကျင့်သဘော ရိုက်ကူးနိုင်ပါတယ်။ ငှက်ဆိုတာတောင် အလွယ်တစ်ကူ
ကိုယ့်အနီးအနားမှာ တွေ့နိုင်တာရှိသလို၊ တောတောင်တွေမှာမှတွေ့နိုင်တာမျိုးလဲရှိပါတယ်။
မျိုးစိတ်ပေါင်းလဲ များစွာရှိတာမို့ ငှက်ကိုပဲ အထူးပြုရိုက်ကူးတဲ့ Bird Photography ဆိုတာလဲရှိပါတယ်။ နောက်တစ်ခုက
Urban Wildlife လို့ခေါ်တဲ့ မြို့ပြမှာ တွေ့နိုင်တဲ့ တောရိုင်းတိရိစန် တွေကို ရိုက်ကူးတာမျိုးလဲ
ရှိပါတယ်။ ဥပမာ- တိရိစန်ရုံတွေမှာ ရိုက်ကူးတဲ့ Zoo
Photography လိုမျိုးပေါ့။
Micro Photography
သာမန်အားဖြင့်လူတွေ
ဂရုမူပြီး ကြည့် ဖြစ်လေ့မရှိတဲ့ သေးငယ်လွန်းတဲ့ အရာလေးတွေ ဒါမှမဟုတ်၊ အင်းဆက်ပိုးမွှားလို
အကောင်ငယ်လေးတွေကို အထူးပြုပြီး အနီးကပ် (သို့) အနုစိတ် ရိုက်ကူးတဲ့ ဓါတ်ပုံအမျိုး
အစားဖြစ်ပါတယ်။ Micro နဲ့သဘော သဘာ၀တူညီပြီး၊ Micro လောက်အနုစိတ် ရိုက်တာမျိုးမဟုတ်ပဲ
Subject ကို အနီးကပ် ရိုက်ကူးတာမျိုးကိုတော့ Close up
Photography လို့ခေါ်ကြပါတယ်။ နှင်းစက်၊ ရေမှုန်ရေစက် စတာတွေကို အနီးကပ် အသေးစိတ်ရိုက်ကူးတာတွေကလဲဆွဲဆောင်မှု
ရှိတဲ့ Micro ပုံတွေဖြစ်တတ်ပါတယ်။ ဒီရိုက်ကူးမှုမျိုးမှာတော့ အာရုံစူးစိုက်မှု အရမ်းလိုအပ်ပါတယ်။
Astrophotography
ကြယ်တာရာတွေနဲ့
ညမိုးကောင်းကင်အလှကို ရိုက်ကူးတဲ့ ဓါတ်ပုံ အမျိုးအစားလို့ အလွယ်ပြောနိုင်ပါတယ်။ အများအားဖြင့်ရိုက်လေ့ရှိကြတာ
က ကြယ်တာရာတွေတွေရဲ့ သွားနေတဲ့လမ်းကြောင်းကို ပေါ်လွင်လာတဲ့ထိ ရိုက်ကူးတဲ့ Star Trail Photography ရိုက်ကူးမှုနဲ့၊ ဂလက်ဆီ ကြယ်အုပ်စုကို
အဓိကပေါ် လွင်အောင်ရိုက်ကူးတဲ့ Milky Way Photography
ရိုက်ကူးမှု့တွေ ပဲဖြစ်ပါတယ်။ မြေပြင်ပေါ်က Foreground Subject တစ်ခုခုနဲ့တွဲဖက်ပြီး
ကြယ်တာရာ တွေရဲ့ ညအလှကို ပုံဖေါ်ရိုက်ကူးတာမျိုးကို Astrolandscape
လို့ခေါ်ကြတာလဲရှိပါတယ်။ ဒီရိုက်ကူးမှုမျိုးမှာ အခြေအနေ နဲ့ အချိန်အခါကို တွက်ချက်ရတာတွေများစွာပါဝင်သလို
လုံး၀မှောင်မိုက်နေတဲ့ ညဖက်မျိုးမှာ အချိန်အတော်ကြာ ရိုက်ကူးရတာမို့ မလွယ်ကူလှပါဘူး။
Aerial Photography
Landscape
Photography ရဲ့ အစွယ်အပွားတစ်ခုအနေနဲ့ပြောနိုင်မယ်ထင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့သဘာ၀
ရှုမျှော်ခင်းပုံတွေကို ပုံမှန်မြင်နေကျပုံစံ မျိုးမဟုတ်ပဲ အပေါ်စီးက တွေ့မြင်ရတဲ့
ပုံစံ (စနစ်ပုံ) ဖြစ်အောင်ရိုက်ကူးတဲ့ Photography ဖြစ်လို့ပါ။ မြင်နေကျမဟုတ်လို့ ထူးခြားတဲ့
အမြင်ကိုပေးစွမ်း နိုင်ပါတယ်။ အပေါ်စီးကရိုက်ရတာမို့ ကင်မရာက ဟိုးအပေါ် တော်တော် မြင့်မြင့်မှာရှိနေနိုင်ဖို့လိုပါတယ်။
အခုခောတ်မှာတော့ အတော်မြင့်မြင့်ထိ ပျံသန်းနိုင်တဲ့ Drone တွေ ခောတ်စားလာတာမို့
Aerial Photography ရိုက်ကူးဖို့ အလွန် အဆင်ပြေ လှပါတယ်။
Under Water Photography
ရေအောက်သဘာ၀ရှုခင်းအလှတွေ၊
ရေနေသတဝါတွေရဲ့ သဘာ၀ပုံတွေကို ရိုက်ကူးတဲ့ ဓါတ်ပုံအမျိုးအစားပါ။ ပင်လယ်ကမ်းခြေလို ရိုက်ကူးဖို့
အခွင့်သာတဲ့ အရပ်မှာနေတယ်ဆိုရင်တောင်မှ ရိုက်ကူးဖို့ အလွယ်တကူမ ဖြစ်နိုင်တဲ့ အမျိုးမစားဖြစ်ပါတယ်။
ရေလုံကင်မရာတွေလိုအပ်မှာဖြစ်သလို ရေအောက်မှာ Lighting အလင်းပေးနိုင်တဲ့ အထောက်အကူပြု
ပစည်းတွေလဲ လိုအပ်မှာဖြစ်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်ရေအောက်မှာ အချိန်အတိုင်းအတာ
တစ်ခုထိနေနိုင်မယ့် အထောက်အကူပြုပစည်းတွေနဲ့ ရေဖိအားကိုခံနိုင်ဖို့ အလေ့အကျင့်တွေများစွာလိုအပ်မှာဖြစ်ပါတယ်။
ငွေကုန်ကြေးကျလဲခံနိုင်မယ် အလေ့အကျင့်လဲရှိမယ် ဆိုရင်တော့ အလွယ်တကူမရနိုင်တဲ့ ရေအောက်ပုံရိပ်တွေက
မက်မောစရာပါ။ အခုပြောနေတာက Under Water Landscape လို့ခေါ်တဲ့ ရေအောက်ရှုခင်း တွေကိုရိုက်ကူးတာမျိုး နဲ့ ရေနေသတဝါ တွေ ရဲ့သဘာ၀ကို ရိုက်ကူးတာ မျိုးကိုဆိုလိုတာဖြစ်ပြီး၊
ရေကူးကန်လို ဟာမျိုးမှာ ပြင်ဆင်ပြီး Under Water ပုံရိပ်တွေ ရိုက်ကူးတာမျိုးလဲရှိပါတယ်။
(1)
People Photography
People
Photography မှာတော့ လူတွေနဲ့ ပါတ်သက်စပ်ဆိုင်တဲ့ ပုံတွေ ရိုက်ကူးတာမျိုး အဓိကပါဝင်ပါတယ်။
လူပုံတွေရိုက်ကူးခြင်းလို့ ပြောနိုင်မယ်ထင်တယ်။ အခြေခံအားဖြင့် People Photography
နဲ့ ပါတ်သက် အကျုံးဝင်မယ့် အမျိုးအစားလေးတွေကို ခေါင်းစဉ်လေးတွေခွဲ ပြီးလေ့လာကြည့်ရအောင်။
Portrait Photography
People
Photography မှာ အကျယ်ပြန့်ဆုံးအနေနဲ့ပါဝင်လာတာကတော့ Portraiture လို့လဲခေါ်တဲ့
Portrait ပါပဲ။ မိသားစု အလှပုံတွေရိုက်ကူးတာစလို့၊ ကော်မာရှယ် လူပုံအလှရိုက်ကူးပေးတာတွေထိ
အကျုံးဝင်ပါတယ်။ Portrait ရိုက်ကူးရာမှာ
Subject ရဲ့ Character ကို အသားပေးဖေါ်ပြရတာဖြစ်ပြီး၊ စိတ်ခံစားမှု၊ ဟန်ပန်အမူအရာ စတာတွေကိုပေါ်လွင်အောင်ရိုက်ကူးကြပါတယ်။
အဓိကကတော့ Subject ရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ရိုက်ကူးကြတာပါ။
Wedding Photography
လူအများစုရဲ့
ဘ၀မှာ အရေးအကြီးဆုံး အချိန်တွေထဲက တစ်ခုက မင်္ဂလာဆောင်တဲ့အချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကာလရဲ့
အမှတ်တရပုံတွေ ကိုရိုက်ကူးရတာမို့ ရိုက်ကူးသူ ဓါတ်ပုံဆရာအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှု
ကြီးမားလှပါတယ်။ နှစ်ခါပြန်မရနိုင်တဲ့ အခိုက်အတန့်တွေမို့ပါ။ ဒီရိုက်ကူးမှုမျိုးမှာ
ကိုယ်အသုံးပြုမယ့် ကင်မရာနဲ့ Lighting ပစည်းတွေက ကောင်းမွန်ဖို့လိုအပ်သလို ဘယ်လိုအချိန်မှာ
ဘယ်လိုပုံတွေကို ရိုက်ကူးရမယ် ဆိုတာကို သိရှိနားလည်ဖို့လဲလိုပါတယ်။ ဒါမှ စိတ်ခံစားမှု
မွှန်းထုံနေတဲ့ အမှတ်တရအခိုက်အတန့်လေးတွေကို အမိအရ ဖမ်းယူနိုင်မှာပါ။ အခုနောက်ပိုင်းမှာတော့
Pre Wedding Photography လို့ခေါ်တဲ့ မင်္ဂလာမဆောင်ခင်
တင်ကြိုပြီး တကူးတက အချိန်ပေးကာ မင်္ဂလာမောင်နှံ အလှပုံရိုက်ကူးတာတွေလဲ ခောတ်စားလာပါတယ်။
ရှုခင်းရှုကွက်လှတဲ့ နေရာတွေကို တကူးတက သွားရောက်ပြီး Landscape နဲ့တွဲဖက်ပြီး မင်္ဂလာမောင်နှံ
အလှပုံတွေ ရိုက်ကူးကြလေ့ရှိပါတယ်။
Documentary Photography
မှတ်တမ်း
(သို့) မှတ်တမ်းတင် ဓါတ်ပုံအမျိုးအစားလို့ပြောနိုင်ပါတယ်။ ဒီလိုပုံအမျိုးအစားမှာ ဓါတ်ပုံဆရာတွေက
သူတို့ရဲ့ပုံမှာ သတင်း၊ ဒါမှမဟုတ်အချက်အလက်တွေပါအောင် ပုံဖေါ်ရိုက်ကူးကြလေ့ရှိပါတယ်။
Documentary ဓါတ်ပုံအမျိုးအစားဟာ ဘယ်နေရမှာမဆို ဖြစ်နိုင်ပြီး စစ်ပွဲဖြစ်နေတဲ့ နယ်မြေတွေမှာတောင်
သတင်းမှတ်တမ်းယူရိုက်ကူးကြတာ မျိုးတောင်ရှိပါတယ်။ သတင်း၊ အချက်အလက် မှတ်တမ်းတွေအတွက်ရိုက်
ကူးတာမျိုးအပြင်၊ နေရာဒေသတစ်ခုအကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာနဲ့ ပွဲတော်တွေအကြောင်း၊
စသည်ဖြင့် မှတ်တမ်းတင်ရိုက်ကူးကြတာ မျိုးလဲရှိပါတယ်။
Sports Photography
အားကစားလှုပ်ရှားမှုတွေကို
အမိအရပုံဖေါ်ရိုက်ကူးရတာပါ။ အိုလံပစ်ပွဲတော် ကြီးကစလို့ ကိုယ့်ခြံဝန်းထဲမှာ ကိုယ့်ကလေးငယ်လေးတွေဆော့ကစားနေ
တာကိုမိဘက အမှတ်တရ ဓါတ်ပုံရိုက်ပေးတာထိ ပါပါတယ်။ ချိန်သားကိုက် ဖို့အရေးကြီးသလို များသောအားဖြင့်
Shutter Speed အမြန်တွေကိုသုံးရတဲ့ ဓါတ်ပုံအမျိုးအစားပါ။
Fashion Photography
Portrait
ဓါတ်ပုံအမျိုးအစားနဲ့ အနီးစပ်ဆုံးတူပေမယ့် Fashion Photography အမျိုးအစားမှာ လူနဲ့တွဲဖက်ပြီး
Fashion ဒီဇိုင်းတွေကို ပေါ်လွင်အောင် ဖေါ်ပြရတာမျိုးပါ။ ဒီဓါတ်ပုံ အမျိူးအစားမှာ ဓါတ်ပုံဆရာဟာ
ဓါတ်ပုံနဲ့ပါတ်သက်တဲ့ အလင်း အမှောင် တွေကိုနားလည်ရုံ မကအဝတ်အစား Fashion တွေနဲ့ပါတ်သက်တဲ့
ဗဟုသုတလဲ များစွာရှိဖို့လိုအပ်ပါတယ်။ Brand တွေကိုဖေါ်ပြဖို့နဲ့ ကြော်ငြာတွေအတွက် အဓိကရိုက်ကူးကြတာဆိုပေ
မယ့်လဲ ခုလို Social Media ခောတ်ကြီး မှာတော့ ခုပြောတဲ့ အကြောင်းပြချက်တွေကြောင့် မဟုတ်ပဲ
ရိုက်ကူးကြတာတွေလဲရှိတာပေါ့နော်။
Commercial Photography
ကုန်ပစည်းတစ်ခုကို
ကြော်ငြာဖို့အတွက်၊ ဒါမှမဟုတ်ရောင်းဖို့အတွက် ရည်ရွယ်ပြီး လူနဲ့တွဲဖက် ရိုက်ကူးတာမျိုးပါ။
နာမည်ရှိပြီးသား သူတွေနဲ့ တွဲဖက်ရိုက်ကူးကြလေ့ရှိပြီး ကုန်ပစည်းရဲ့ အရည်အသွေးကို ပေါ်လွင်အောင်
ရိုက်ကူးကြပါတယ်။
Street Photography
ပုံမှန်မြို့ပြဧရိယာတွေ၊
ဥပမာ - ပန်းခြံ၊ စျေး၊ လမ်း၊ စတာတွေမှာ နေ့စဉ်တွေ့မြင်နေကြ လူတွေရဲ့ လှုပ်ရှားသွားလာ၊
လုပ်ကိုင်နေမှုပုံတွေကို သဘာ၀အတိုင်း လျှပ်တပျက်ရိုက်ကူးထားတဲ့ပုံမျိုးပါ။ သာမန် မြင်တွေ့နေကျ
ပုံစံတွေကို ဂရုပြုမြင်မိစေတဲ့အတွက် ကြည့်ရှုသူကို ရသတစ် မျိုးပေးစွမ်းနိုင်တဲ့ ပုံမျိုးဖြစ်တတ်ပါတယ်။
Event Photography
အခမ်းအနား၊
စင်မြင့်ဖျော်ဖြေပွဲ စတာတွေကို ရိုက်ကူးတာပါ။ ဘယ်လိုအချိန် မျိုးမှာ ဘယ်လိုပုံကို ရိုက်ကူးမယ်ဆိုတာ
ချိန်သားကိုက် ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါမှသာ ကြည့်ရှုသူကို ခံစားချက် ရသတစ်ခုခု
ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
Travel Photography
ဘယ်နေရာ
ဘယ်ဒေသမှာဖြစ်ဖြစ် နေရာဒေသတစ်ခုရဲ့ မြေမျက်နှာသွင်ပြင်တွေ၊ လူတွေ၊ ရိုးရာထုံးတမ်းစဉ်လာ
တွေ၊ ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်း စတာတွေကို ပုံဖေါ်ရိုက်ကူးထားတဲ့ ဓါတ်ပုံမျိုးကို
ခေါ်ပါတယ်။ Travel Photographer တွေဟာ မတူညီတဲ့နေရာ ဒေသအသီးသီးမှာနေထိုင်ကျတဲ့လူတွေနဲ့
သူတို့ရဲ့မြေမျက်နှာသွင်ပြင်၊ ရိုးရာထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းတွေ
အကြောင်း တူညီတာတွေ၊ မတူညီတာတွေကို ရိုက်ကူးပုံဖေါ်ကျလေ့ရှိပါတယ်။ ဒီလိုဓါတ်ပုံတွေကလဲ
အပြန်အလှန် အသိအမြင်ပိုရစေသလို၊ ချိတ်ဆက်ရင်းနှီးမူပိုရှိလာသလိုလဲခံ စားရစေပါတယ်။
(1)
Manmade Objects Photography
Manmade Objects Photography မှာတော့
လူတွေ ပြုလုပ်ထားတဲ့ အရာတွေ ကို ပုံဖေါ်ရိုက်ကူး ကြတာပါ။ အမျိုးအစားလေးတွေခွဲပြီးလေ့
လာကြည့်ရအောင်။
Product Photography
Commercial
Photography အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကုန်ပစည်းတွေကိုကြော်ငြာဖို့အတွက် Studio မှာ
လိုအပ်တဲ့ မီးအလင်းအမှောင်ကိုသုံးပြီး သေချာရိုက်ကူးကျတာမျိုးပါ။
Food Photography
အစားအသောက်ပုံတွေကို
ရိုက်ကူးတဲ့ ဓါတ်ပုံအမျိုးအစားပါ။ ကြော်ငြာအတွက် Studio မှာ စနစ်တကျ မီးအလင်းအမှောင်တွေနဲ့
Commerical ရိုက်ကူးကျတာများပေမယ့် အခုလို Social
Media ခောတ်ကြီးမှာတော့ အစားအသောက်ပုံတွေကို online မှာမျှဝေဖို့သက်သက် အပျော်သဘော
ရိုက်ကူးကြတာတွေလဲ ရှိပါတယ်။
Still life Photography
Object
တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ Object တွေကို စိတ်ကူးရှိသလို နေရာချ ထားပြီး ပုံဖေါ်ရိုက်ကူးတာမျိုးဖြစ်ပါတယ်။
ကျယ်ပြန့်တဲ့ Photography အမျိုးအစားမှာပါဝင်ပြီး စိတ်ကူးရှိသလို ဖန်တီးရိုက်ကူးလို့ရပါတယ်။
Architecture Photography
ဗိသုကာဆိုင်ရာ
အနုသုခုမလက်ရာ တွေကို ရိုက်ကူးတဲ့ ဓါတ်ပုံအမျိုးအစားပါ။ ဗိသုကာလက်ရာမြောက်လှတဲ့ အဆောက်အဦးပုံတွေ
ရိုက်ကူးတဲ့ အခါမှာ မိမိပြချင်တဲ့ အနုပညာလက်ရာတွေကို ပီပြင်အောင် ဖေါ်ပြနိုင်ဖို့ အထူးဂရုပြု
ရိုက်ကူးရတဲ့ ဓါတ်ပုံ အမျိုးအစားလဲ ဖြစ်ပါတယ်။
နိဂုံး
အပေါ်မှာဖေါ်ပြခဲ့တဲ့
ဓါတ်ပုံအမျိုးအစားတွေဟာ ပုံသေမဟုတ်သလို ဘယ်ဟာက ပိုကောင်းတယ် မကောင်းဘူးဆိုတာလဲမရှိပါဘူး။
ဒီထက်မကလဲ ထပ်ဆင့် ခွဲခြားနိုင်တာတွေလဲရှိပါတယ်။ ဥပမာ လူပုံရိုက်ကူးမူဖြစ်တဲ့ People Photography မှာ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို
ထပ်ဟပ်ပေါ်လွင်အောင်ရိုက်ကူးတဲ့ Motion Blur
Photography ဆိုတာမျိုးလဲ ရှိသေးလို Low Key
Photography, High Key Photography စဖြင့် အများကြီးရှိပါသေးတယ်။ နောက်ထပ် ထပ်ဆင့်ခွဲခြားခေါ်ဝေါ်ကြတဲ့
Photography တွေလဲ အများကြီးရှိပါသေးတယ်။
ဓါတ်ပုံတစ်ပုံမှာ
အပေါ်မှာဖေါ်ပြထားတဲ့ ဓါတ်ပုံ အမျိုးအစား နှစ်ခု ဒါမှမဟုတ်သုံးခုတွေနဲ့ အကျုံးဝင်နေတာမျိုးလဲရှိနိုင်ပါ
တယ်။ ဥပမာပင်လယ်ကမ်းစပ်မှာရှိတဲ့ ဗိသုကာလက်ရာ မြောက်လှတဲ့ မီးပြတိုက် တစ်ခုကို ညဖက်မှာ
ကျယ်တာရာတွေနဲ့တွဲဖက်ပြီး ရိုက်ထားတဲ့ ပုံတစ်ပုံဆိုပါစို့။ Seascape လို့ပြောမလား၊ Astro
လို့ပဲခေါ်မလား၊ Architecture ပဲဖြစ်မလား။
အားလုံးမှန်နေတာပါပဲ။ ဒီတော့ ဓါတ်ပုံအမျိုးအစားတွေဆိုတာ အငြင်းပွားနေဖို့မဟုတ်သလို
တစ်ထစ်ချကြီး စွဲကိုင်ထားဖို့လဲမဟုတ်ပါဘူး။ ပြီးတော့ Photography အမျိုးအစားတွေကို
လိုင်းတွေအဖြစ်ခွဲခြားပြီး လိုင်းမတူဘူး ရယ်လို့လဲ မမှတ်ယူစေချင်ပါဘူး။ ဘယ် Photography အမျိုးအစားမှာမဆို Exposure ဆိုတဲ့
အလင်းအမှောင် ကိုအခြေခံပြီး ဖန်တီးရတယ်ဆိုတာကို သတိပြုမိဖို့လိုပါတယ်။ ကျန်တဲ့အပိုင်းကတော့
ကိုယ်ကိုတိုင်ရဲ့ အမြင်နဲ့ ဖန်တီးနိုင်မှုစွမ်းအားပေါ်မူ တည်ပါတယ်။
Photography
အမျိုးအစားတွေဆိုတာ ပြောဆိုကြတဲ့ အခါမှာ ပိုမိုလွယ်ကူ စွာပြောဆိုနိုင် ဖို့နဲ့ ကိုယ်က ဘယ်လိုရိုက်ကူးမှုမျိုး မှာ ပိုမိုစိတ်ဝင်စား
သလဲဆိုတာ အလွယ်တစ်ကူ ခွဲခြား သိမြင်စေဖို့ပဲ ဖြစ်ပါတယ်။ Beginner တစ်ယောက်အနေနဲ့ဆိုရင်တော့
ဒီဓါတ်ပုံအမျိုး အစားတွေကို တီးမိခေါက်မိခြင်းအားဖြင့် ကိုယ်ကဘယ်လိုရိုက်ကူးမှု တွေကို
ပိုစိတ်ဝင်စားတာလဲ ဘယ်လိုပုံစံမျိုးကို ရိုက်ကူးဖို့ရည်ရွယ်သလဲ ဆိုတာ အလွယ်တကူ သိမြင်နိုင်ရုံသာမက
တန်ဖိုးမသေးလှတဲ့ ကင်မရာ၊ Lens နဲ့ ကင် မရာ ဆက်စပ်ပစည်းတွေဝယ်ယူရာမှာလဲ အထောက်အကူ ဖြစ်စေမှာ
ဖြစ်ပါတယ်။
ဒီတော့
အဆုံးသပ်အနေနဲ့ ပြန်ပြောရရင်တော့ Photography အမျိုးအစားတွေဆိုရာမှာ အားလုံးပုံသေမဟုတ်သလို
ဘယ်ဟာကတော့ ပိုကောင်းတယ်၊ ဘယ်ဟာကတော့ မကောင်းဘူး ဆိုတာမရှိ သလို ဘယ်အမျိုးအစားကတော့
ပိုလွယ်တယ် ဘယ်အမျိုးအစားကတော့ ပိုခက်တယ်ရယ်လို့လဲမရှိပါဘူး။ ဓါတ်ပုံဆိုတာ အလင်းနဲ့
ရေးဆွဲတဲ့ ပန်းချီဖြစ်တာမို့ Exposure လို့ခေါ်တဲ့ အလင်းအမှောင် အကြောင်း သေချာသိ ရှိနားလည်ပြီး
မိမိရဲ့ ဓါတ်ပုံမှာ ဘယ်လိုသက်ရောက်စေမယ်ဆိုတာနဲ့ မိမိကိုယ်တိုင်ရဲ့ ဖန်းတီးနိုင်မှု
စွမ်းအားကို ပိုမိုမြင့်တင်နိုင်ဖို့ လေ့လာမှုစွမ်းအားကသာလျှင် Photography အမျိုးအစားအားလုံးရဲ့
အဓိက သော့ချက် ဖြစ်တယ် လို့ ယူဆမိပါကြောင်း။
အားလုံးအဆင်ပြေကြပါစေ
…
Khin
Maung Chin ( Kalaw)
No comments:
Post a Comment