Wednesday, 9 December 2020

Composition ဆိုသည်မှာ

HAPPY HOME PHOTOGRAPHY – NOTE (12)

Composition in Photography – Beginners Guide

Composition ဆိုသည်မှာ

ဓါတ်ပုံအရာလေ့လာရာမှာ Composition ဆိုတာကို ချန်ခဲ့လို့မသင့်ပါဘူး။ ဆွဲဆောင်မှုရှိ တဲ့ ဓါတ်ပုံတစ်ပုံ ဆိုတာ Composition အပေါ်မှာလဲ များစွာမူတည်ပါတယ်။ Composition ဆိုတာ ဓါတ်ပုံအရာမှာ မဖြစ်မနေလိုက်ကို လိုက်နာရမယ့် Rule စည်းမျဉ်း စည်းကမ်းတွေလို့ မဆိုလိုပေမယ့် ဆွဲဆောင်မှုရှိတဲ့ ပုံကောင်းတစ်ပုံ ဖြစ်လာစေဖို့ Guide Line လမ်းညွှန် ဂိုက်လိုင်းတွေဖြစ်တယ်လို့တော့ဆိုချင်ပါတယ်။ တကယ်တော့ ဓါတ်ပုံ အရာတစ်ခုမှာတင် Composition ဆိုတာကိုသုံးတာမဟုတ်ပါဘူး။ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု၊ စတဲ့ အနုပညာနယ်ပါယ်တွေမှာလဲ Composition ကို တွင်တွင်ကျယ်ကျယ်သုံးကြသလို ဗိသုကာဆိုင်ရာ နယ်ပါယ်တွေမှာတောင် လိုအပ်သလိုသုံးဆွဲ ကြတာကို တွေ့ရပါတယ်။ အခု Note ကိုရေးဖို့ Composition ဆိုင်ရာ Notes များစွာကို ဖတ်ခဲ့ရရုံတင်မက Video တွေကိုလဲ ကြည့်ရှုခဲ့ရပါတယ်။ Composition ဆိုင်ရာ တစ်ချို့အကြောင်းအရာတွေဟာ အတော်ပဲ ကျယ်ပြန့်လှပါတယ်။ အခု Note ကို Beginners တွေအတွက်ပဲ အဓိက ရည်ရွယ်တာမို့ Composition ဆိုင်ရာအကြောင်းအရာတွေ များစွာထဲက အဓိကကျမယ့် အကြောင်းအရာတွေကိုပဲ အနှစ်ချုပ်ပြီး နားလည်လွယ်အောင် ကြိုးစားဖေါ်ပြထား ပါတယ်။

 

What is Composition?

Composition ဆိုတာ ဘာလဲ

Composition ဆိုတာမပြောခင် ဓါတ်ပုံရိုက်တာကို အရင်စဉ်းစားကြည့်ရအောင်။ ဓါတ်ပုံ ရိုက်တယ်ဆိုတာ မျက်စိနဲ့ အရင်တွေ့မြင်ရတဲ့ မြင်ကွင်းတစ်ခုကို ကင်မရာနဲ့ ဖမ်းယူလိုက် တာလို့ပြောနိုင်ပါတယ်။ National Geographic တို့ Discovery တို့လို မျိုးမှာ ကင်မရာ ကြီးထားခဲ့ပြီး ကင်မရာ မြင်ကွင်းထဲ ဘာဝင်လာမလဲ နောက်မှ ပြန်စစ်တာမျိုးတော့ မဆို လိုဘူးပေါ့ဗျာ။ ဆိုလိုတာကမြင်ကွင်းကို ဓါတ်ပုံမရိုက်ခင် မျက်စိနဲ့ အရင်မြင်နေရတယ်လို့ ပြောချင်တာပါ။ ဒီတော့ အဲဒီမြင်ကွင်းထဲမှာ ရှိနေတဲ့ အရာတွေကို မိတ်ဆွေရဲ့ ဓါတ်ပုံ ထဲ မှာ ( Frame ထဲမှာ) ဘယ်အရာတွေကိုပေါ်စေချင်တာလဲ… ဘာကိုအဓိကပြချင်တာလဲ… ပြီးတော့ မိတ်ဆွေအဓိကပြချင်တဲ့ အရာနဲ့ တစ်ခြားအရာတွေကို မိတ်ဆွေရဲ့ Frame ထဲမှာ ဘယ်လိုနေရာချမလဲ…ဒီလိုထားသိုနေရာချထားတာကို Composition လို့ ခေါ်ပါတယ်။ မိတ်ဆွေအနေနဲ့ စနစ်တကျ ထားသို နေရာချထားခြင်းအားဖြင့် ကြည့်ရှုသူ ရဲ့ မျက်ဝန်းထဲကို မိတ်ဆွေတင်ပြချင်တဲ့အရာက တန်းနေအောင်ရောက်သွားနိုင်ပြီး ဆွဲ ဆောင်မှုရှိတဲ့ ပုံကောင်းတစ်ပုံ ဖြစ်လာနိုင်ပါတယ်။ Frame တစ်ခု မှာ လူမျက်စိကို အဓိကဆွဲဆောင်နိုင်တဲ့ နေရာ (spot) လေးတွေရှိတတ်ရုံတင်မက၊ စံအဖြစ် သတ်မှတ် ထားတဲ့ နေရာလေးတွေလဲရှိ ပါတယ်။ Composition ဆိုတာ ဆွဲဆောင်မှုရှိတဲ့ ပုံကောင်း တစ်ပုံရဖို့ မိတ်ဆွေ အနေနဲ့ လိုအပ်သလိုအသုံးပြုနိုင်ဖို့ Guide Line တွေသာဖြစ်ပြီး၊ ဘယ်လိုသုံးတယ် မသုံးဘူး ဆိုတာကတော့ မိတ်ဆွေကိုတိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခု တင်ပြချင်တာက Composition နေရာချတဲ့အခါမှာ (၂) မျိုးရှိနိုင် ပါတယ်။ ပထမတစ်မျိုး က ရိုက်ကူးစဉ်ကတည်း တစ်ခါတည်း အမိအရ နေရာချထားပြီးမှ ရိုက်ကူးတာနဲ့၊ နောက် တစ်မျိုးက အစဉ်ပြေသလိုရိုက်လာပြီးမှာ ကွန်ပျူတာမှာ Crop လုပ်ပြီး ကိုယ်လိုချင်သလို နေရာပြန်ချတာပါ။ဒီလို ကွန်ပျူတာမှာ နေရာပြန်ချတာမျိုးက ရိုက်ကူးစဉ်ကပုံနဲ့ သိပ်မ ကွာပဲ အနည်းငယ်လောက်ပဲ Crop လုပ်ထားတာက မပြောပ လောက်ပေမယ်၊ မူလပုံနဲ့ သိပ် ကွာသွားမယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ Megapixel တွေဆုံးရှုံးနိုင်ပါတယ်။ မဖြစ်မနေ ရိုက်လိုက်ရမယ့်ပုံတွေကလွဲလို့ တတ်နိုင်သမျှ ရိုက်ကွင်း မှာတင် မြင်ကွင်းကို သေချာ ကြည့်ပြီး တတ်နိုင်သလောက် တစ်ခါတည်း မိမိလိုသလို Composition ချရိုက်ဖို့ အကြံ ပြုလိုပါတယ်။

OK … ဆွဲဆောင်မှုရှိတဲ့ ဓါတ်ပုံတစ်ပုံဖန်တီးဖို့ ဘယ်လို Composition တွေကို အသုံး ပြုလို့ ရတယ်၊ ဘယ် Composition တွေက ဓါတ်ပုံတစ်ပုံကို ဘယ်လို ပံ့ပိုးပေးနိုင်တယ် ဆိုတာ ဆက်လေ့လာကြည့်ရအောင်။

( တစ်ချို့ စာလုံးတွေကို မြန်မာဘာသာပြန်ရင် တစ်မျိုးကြီးဖြစ်နေလို့ မူရင်း အင်္ဂလိပ်ဘာသာ အတိုင်းပဲ ဖေါ်ပြပါမယ် )


ပထမဦးဆုံးအနေနဲ့ Composition လို့ပြောလိုက်ရင် လူသိအများဆုံးဖြစ်လောက်တဲ့ Rule of Thirds ဆိုတာကို အရင်ဆုံးတင်ပြလိုပါတယ်။

Rule of Thirds

Rule of Thirds ကိုတော့ တော်တော်များများကြားဖူးကြသလို လက်တွေ့မှာလဲ တော်တော်များများသုံးကြပါတယ်။ သူရဲ့သဘောကရှင်းပါတယ်။ မိတ်ဆွေရဲ့ မြင်ကွင်း Frame ကို ညီမျှတဲ့ အကွက် (၉)ကွက် ဖြစ်အောင် ပိုင်းလိုက်တာပါ။ ရေပြင်ညီ မှာ (၃) ကွက်နဲ့ ဒေါင်လိုက်မှာ (၃)ကွက်စီပါအောင် မျဉ်း(၄) ကြောင်း နဲ့ စုစုပေါင်း အကွက် (၉) ကွက်ဖြစ်အောင်ပိုင်းလိုက်တာပါ။


အသုံးပြုပုံကတော့ မိတ်ဆွေရဲ့ ဓါတ်ပုံမှာ မိတ်ဆွေပြချင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း (တစ်ခု (သို့) တစ်ခုထက်ပို) Subject တွေကို မျဉ်းကြောင်း တစ်ခုနဲ့ တစ်ခု ဖြတ်သွားတဲ့ ဆုံမှတ်နေရာတွေမှာ နေရာချထားဖို့ပါ။ တစ်ချို့အစိတ် အပိုင်းတွေကို မျဉ်းကြောင်းနေရာတွေအပေါ်မှာလဲ ထားနိုင်ပါတယ်။ ဥပမာ- ဓါတ်ပုံတစ်ပုံမှာ အရေးကြီးတဲ့ မိုးကုပ်စက်ဝိုင်း လိုင်းကို ရေပြင်ညီ မျဉ်းကြောင်း တွေ ပေါ်မှာ ထားတာမျိုးပေါ့။ ကိုယ့်ရဲ့ Subject ကို ပုံရဲ့ အလည်တည့်တည့် ကြီးမှာ ထားတာထက် ဒီဆုံ မှတ် နေရာတွေမှာထားတာက ကြည့်ရှုသူရဲ့ မျက် ဝန်းထဲကို တန်းရောက်စေ တယ်လို့ဆိုပါတယ်။ Rule of Thirds ကို အသုံးပြုပြီး ရိုက်ကူးထားတဲ့ ပုံအချို့ကို လေ့လာကြည့်ပါ။

       Photo crd; Internet

                       Photo crd; Internet
                        Photo crd; Internet

Centered Composition and Symmetry

Centered Composition and Symmetry ဆိုတာကတော့ ကိုယ်ပြချင်တဲ့ Subject ကို Frame ရဲ့ အလည်ခေါင် တည့်တည့်မှာထားပြီး တစ်ဖက်နဲ့တစ် ဖက်ခေါက်ချိုးညီမျှနေအောင် ထားသိုရိုက်ကူးတာပါ။ အထက်မှာတုန်းက Subject ကို Frame ရဲ့ အလည်ခေါင်တည့်တည့်မှာထားတာထက် Rule Of Thirds နေရာမှာထားတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောပါတယ်။ ဒါပေမယ့်လဲ တစ်ချို့ပုံတွေအတွက်ကျပြန်တော့ Symmetry လို့ခေါ်တဲ့ ခေါက်ချိုးညီအောင်ထားပြီး ရိုက်ကူးတာကလဲ ဆွဲဆောင်မှုရှိနေပြန်ပါတယ်။ Reflection ပုံရိပ်တွေကို ရိုက်ကူးရာမှာလဲ ဒီနည်းက အတော်အသုံးဝင်ပါတယ်။ နမူနာပုံတွေကိုလေ့လာကြည့်ပါ။

               Photo crd; Internet
                Photo crd; Internet
               Photo crd; Internet
                             Photo crd; Internet

Foreground Interest

မျက်စိနဲ့ မြင်တွေ့နေရတဲ့ မြင်ကွင်းက 3D ဖြစ်ပြီး၊ ဓါတ်ပုံက 2D ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ဓါတ်ပုံ Foreground မှာ စိတ်ဝင်စားဖွယ် Subject တွေကို ထည့် သွင်းပါဝင်စေခြင်းဖြင့် မိတ်ဆွေရဲ့ ဓါတ်ပုံဟာ ပိုစိတ်ဝင်စားဖို့ကောင်းလာရုံမက 3D ရသကိုပါ ပိုမိုပေးစွမ်းနိုင်ပါတယ်။ ညဖက် ကျယ်တာရာတွေကို ရိုက်ကူးတဲ့ Star trail, Milky way တို့လိုဓါတ်ပုံရိုက်ကူးမှုမျိုးမှာလဲ ကျယ်ချည်းသက်သက် မိုးကောင်းကင်ကြီးကို ရိုက်ကူးတာထက် စိတ်ဝင်စားစရာ Foreground တစ် ခုခုကိုခံပြီးရိုက်ကူးတာက ပုံကိုပိုမို အသက်ဝင်စေမှာပါ။ 



                    Photo crd; Internet
                    Photo crd; Internet
                    Photo crd; Internet

Leading Lines

Leading Lines ဆိုတာကတော့ ကိုယ်ပြချင်တဲ့ Subject စီကို ဆွဲခေါ်သွားမယ့် လိုင်း (Line) တွေကို ထည့်သွင်းရိုက်ကူးတာပါ။ ဒီနည်းနဲ့ ကြည့်ရှုသူရဲ့အကြည့် က လိုင်း (Line) လေးတွေရဲ့ ခေါ်ဆောင်ရာအတိုင်းလိုက်လာပြီး ကိုယ့်ရဲ့ Main Subject စီကို ရောက်လာမှာပါ။ လိုင်း (Line) ဆိုရာမှာ အမျိုးမျိုးဖြစ်နိုင်ပါ တယ်။ လမ်းလေးလဲဖြစ်နိုင်သလို၊ ခြံစည်းရိုး၊ သစ်ပင်တန်း၊ အရိပ်၊ စသည် ဖြင့်ပေါ့။ ဒီလိုရိုက်ကူးမှုမျိုးမှာ ကိုယ့်ရဲ့ Subject နေရာကို Rule of Thirds နဲ့ပဲဖြစ်ဖြစ် Centered Composition အတိုင်းပဲဖြစ် တစ်ခြားနည်းနဲ့ဖြစ်ဖြစ် ထားသိုပြီး ပေါင်းစပ်ရိုက်းကူးနိုင်ပါတယ်။ Leading Lines နမူနာပုံလေးတွေ လေ့လာကြည့်ပါ။

               Photo crd; Internet
                Photo crd; Internet
                Photo crd; Internet
                Photo crd; Internet

Frame within the Frame

ဆိုလိုတာက မိတ်ဆွေရိုက်ကူးမယ့် မြင်ကွင်း Frame ထဲမှာ နောက်ထပ် Frame တစ်ခုဖြည့်သွင်းရိုက်ကူးတာမျိုးပါ။ ဒါကလဲ တစ်ချို့နေရာတွေမှာ အသုံးပြုလို့ သင့်တော်တဲ့ နည်းတစ်ခုပါ။ အမြင်တစ်မျိုးဆန်းစေရုံသာမက ကိုယ်ပြချင်တဲ့ Sybject ကို တန်းပေါ်လွင်စေဖို့ Subject ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ မြင်ကွင်းတွေကို ဘောင်ခတ်ပြီးသားလဲဖြစ်စေပါတယ်။ Frame လို့ဆိုရာမှာ သင့်တော်မယ်ထင်တဲ့ Fram နဲ့တူတဲ့ ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ နမူနာပုံ လေးတွေ လေ့လာကြည့်ပါ။

                Photo crd; Internet
                       Photo crd; Internet
                       Photo crd; Internet

Fill the Frame

ဓါတ်ပုံတစ်ပုံမှာ ကိုယ်ပြချင်တဲ့ Subject ကို Frame တစ်ခုလုံးနေရာလွတ်မ ကျန်တော့အောင် ဒါမှမဟုတ် နဲနဲလေးလောက်ပဲ ချန်ပြီး Frame အပြည့် ဖြည့်ပြီး ရိုက်ကူးတာမျိုးကို ပြောတာပါ။ ဒီလိုရိုက်ကူးတာမျိုးက အခြေအနေ တစ်ချို့မှာ အလွန်သင့်တော်ပါတယ်။ ကြည့်ရှုသူအနေနဲ့ တစ်ခြားဘာကိုမှ ကြည့်နေစရာမရှိတော့ပဲ ကိုယ့် Subject တစ်ခုတည်းကိုသာ Detail လေးတွေ ထိ ကွက်ကွက် ကွင်းကွင်း မြင်သာစေပါတယ်။ ရိုက်ကူးတဲ့အခါမှာ Frame အပြည့်ရဖို့ တခါတလေအနီးကပ်ရိုက်ကူးရတာမို့ မလွယ်ကူတဲ့ အခါမျိုးလဲ ရှိတတ်ပါတယ်။ ဒါပေမယ့်လဲ Computer မှာ ကိုယ်လိုသလို အလွယ်တကူ ပြန်လည် ဖြတ်တောက်နိုင်ပါတယ်။ ဒီလိုရိုက်ကူးမှုမျိုးမှာလဲ Frame အပြည့် ရိုက်ကူးထားတဲ့ပုံမှာ အနီးကပ် Detail တွေကို Rule of Third အတိုင်း နေရာချ ထားရိုက်ကူးနိုင်ပါသေးတယ်။နမူနာပုံလေးတွေ လေ့လာကြည့်ပါ။

                Photo crd; Internet
               Photo crd; Internet
               Photo crd; Internet

Leave Negative Space

ဓါတ်ပုံတစ်ပုံမှာ Positive Space ဆိုတာ Object ကယူထားတဲ့နေရာကို ဆိုလို တာဖြစ်ပြီး ဆန့်ကျင်ဖက်အနေနဲ့ Object ကနေရာယူထားပြီး ကျန်နေတဲ့ နေရာလွတ်တွေကို Negative Space လို့ခေါ်ပါတယ်။




 

ဒီတော့ Leave the Negative Space ဆိုတာက မိမိပြလိုတဲ့ Main Subject ကို နေရာချထားပြီးရင် ကျန်နေရာလွတ်တွေကို တစ်ခြားအကြောင်းအရာတွေမပါ စေတော့ပဲချန်ထားဖို့ ဆိုလိုတာပါ။ဒီလိုနေရာချတဲ့နေရာမှာလဲ အခြား Rule တစ်ခုခုကိုသုံးပြီးချနိုင်ပါတယ်။ အထက်မှာတုန်းကပြောသလို  Frame တစ်ခု လုံးကိုအ ပြည့်ဖြည့်ပြီး Subject ကိုပြသရိုက်ကူးတာက ဆွဲဆောင် မှုရှိသလို၊ တစ်ချို့အခြေအနေတွေကျပြန်တော့ Main Subject ကို ပုံမှန်အတိုင်း နေရာချထားပြီး ကျန်နေရာအားလုံးကို ဘာမှမပါစေတော့ပဲ ရိုက်ကူးတာမျိုးက လဲ ဆွဲဆောင်မှုရှိတယ်လို ပြောတာပါ။ နမူနာပုံတွေ လေ့လာကြည့်ပါ။

               Photo crd; Internet
               Photo crd; Internet
               Photo crd; Internet
               Photo crd; Internet


Simplicity and Minimalism

ဓါတ်ပုံထဲမှာ Main Subject ကလွှဲလို့ အကြောင်းအရာ အနည်းဆုံးပါဝင်စေပြီး ရိုးရိုးလေးရိုက်ကူးတာမျိုးကိုဆိုလိုတာပါ။ Negative Scape ကို များများချန်ပြီး ရိုက်ကူးတာနဲ့ သဘောသဘာ၀အတူတူပါပဲ။ Close up ရိုက်ကူးတဲ့အခါမျိုး မှာ လဲ ဒီသဘောတရားကို အသုံးပြုကြပါတယ်။ ရိုးရိုးလေးကတစ်ခါ တစ်လေမှာ ပိုဆွဲဆောင်နိုင်တယ် ဆိုတဲ့ သဘောပါ။

                Photo crd; Internet
               Photo crd; Internet
                Photo crd; Internet
                Photo crd; Internet

Isolate the Subject

ဆိုလိုတာက Subject ကို သီးခြားခွဲ ထုတ်လိုက်တာမျိုးကိုပြောတာပါ။ Aperture အကျယ်တွေကိုသုံးပြီး ကိုယ်မလိုတဲ့ နေရာတွေကို ဝေဝါးသွားစေ ပြီး ကိုယ်ပြချင်တဲ့ Subject ကို သီးသန့် ခွဲထွက်ပြီး ပေါ်လွင်လာအောင်ပြသ နိုင်ပါတယ်။ Portrait ဓါတ်ပုံတွေမှာ အဓိကထား အသုံးပြုကြပါတယ်။

                        Photo crd; Internet
                       Photo crd; Internet
                       Photo crd; Internet

Diagonal Lines

ကိုယ်ရိုက်ကူးမယ့်ပုံအပေါ်မူတည်ပြီး ထောင့်ဖြတ်မျဉ်းတွေအတိုင်း ထားသိုရိုက် ကူးတာမျိုးပါ။ ရေပြင်ညီမျဉ်းနဲ့ ဒေါင်လိုက်မျဉ်းမတ် တွေကတည်ငြိမ်တဲ့သဘော အသွင်ကိုဆောင်တယ်လို့ဆိုပါတယ်။ ထောင့်ဖြတ်မျဉ်းတွေကတော့ မတည်ငြိမ် သလိုဖြစ်စေတဲ့ သဘောပါ။ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ ထောင့်ဖြတ်မျဉ်း တွေ အတိုင်း အသုံးပြု လေ့သိပ်မရှိပါဘူး။ ဆိုတော့ ဓါတ်ပုံထဲမှာ ထောင့်ဖြတ်မျဉ်း တွေ အတိုင်းတွေမြင်ရတဲ့အခါမှာ ထူးခြားတဲ့ပုံရိပ်မျိုးကိုဖြစ်စေပါတယ်။

                         Photo crd; Internet
                         Photo crd; Internet
                         Photo crd; Internet
                          Photo crd; Internet

Patterns and Textures

လူရဲ့သဘောသဘာ၀မှာ ဆင်တူဖြစ်နေတာလေးတွေကို နှစ်သက်သဘော ကျလေ့ ရှိပါတယ်။ ဒါကြောင့်ဓါတ်ပုံတစ်ပုံမှာဆင်တူလေးတွေ ဖြစ်နေတတ်တဲ့ Patterns လေးတွေနဲ့ Texture လို့ခေါ်တဲ့ အရေးအကြောင်းလေးတွေ ထည့် သွင်း ရိုက်ကူးတာမျိုးက ကြည့်ရှုသူရဲ့စိတ်ကို ဖမ်းစားစေနိုင်တယ် လို့ဆို ပါ တယ်။ Pattern လို့ဆိုရာမှာ လူတွေဖန်တီးပြုလုပ်ထားတဲ့အရာတွေလဲ ဖြစ် နိုင်သလို သဘာ၀တရားကြောင့် သူ့အလိုလိုဖြစ်ပေါ်နေတာမျိုး လဲဖြစ် နိုင် ပါ တယ်။ အရောင်ဆင်တူတဲ့ Patterns တွေကြားမှာ၊ အရောင်ကွဲနေတဲ့ Object တစ်ခုကို ထည့်သွင်းရိုက်ကူးတာမျိုးက အမြင်ပိုစူးစေပါတယ်။



                 Photo crd; Internet
                Photo crd; Internet
                Photo crd; Internet

Change your Camera Angle

ပုံမှန်အားဖြင့် ကျွန်တော်တို့ ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာကို Eye Level ( ၅ပေအမြင့် ဝန်းကျင်) လောက်ကနေ ရိုက်လေ့ရှိပါတယ်။ ဒါပေမယ့်လဲ တစ်ခါတစ်လေ ကင်မရာ Angle ကို ပြောင်းလဲပြီးရိုက်ကူးလိုက်တဲ့အခါမှာ မြင်နေကျမဟုတ်တဲ့ မြင်ကွင်းပုံစံမျိုးရှိတဲ့ပုံရိပ်မျိုး ရရှိစေပါတယ်။

       Photo crd; Internet
             Photo crd; Internet
                     Photo crd; Internet

                                    Photo crd; Internet

Rule of Odd

ရေတွက်လို့ရတဲ့ အရာတွေကို ဓါတ်ပုံရိုက်ကူးတဲ့အခါမှာ အရည်အတွက်အား ဖြင့် “မ” ဂဏန်းထား ပြီးရိုက်ကူးခြင်း ကိုဆိုလိုပါတယ်။ သီအိုရီသဘောအရ စုံ ဂဏန်းတွေက ကြည့်ရှုသူကို ဘယ်ဟာအရင်ကြည့်ရမလဲ ရွေးချယ်ရခက်စေပြီး စိတ်ရှုပ်ထွေး စေတယ်လို့ဆိုပါတယ်။ “မ” ဂဏန်းတွေကျတော့ ကြည့်ရှုသူ အ တွက် ပိုမိုလွယ်ကူစေတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လဲ စုံ ဂဏန်းနဲ့ ထင်ရှား တဲ့ပုံတွေကလဲ အများကြီးရှိပါတယ်။ မဖြစ်မနေစုံ ဂဏန်းကို ရိုက်ရမယ့်အခြေ အနေတွေလဲ အများကြီးပါ။ အလျင်းသင့်ရင် အသုံးပြုနိုင်ဖို့ သီအိုရီ သဘောကို တင်ပြခြင်းသာဖြစ်ပါတယ်။

              Photo crd; Internet
             Photo crd; Internet
              Photo crd; Internet

Rule of Space

မိတ်ဆွေရဲ့ပုံထဲမှာ Subject ဟာ လားရာတစ်ခုစီကို မျက်နှာမူနေတာ၊ ဒါမှ မဟုတ် သွားနေတာမျိုးမှာ အခုပြောတဲ့ သီအိုရီကို သုံးနိုင်ပါတယ်။ ဥပမာ မိတ်ဆွေအနေနဲ့ သွားနေတဲ့ ကားသို့မဟုတ် စက်ဘီး စတာတွေကို ရိုက်ကူး တယ်ဆိုပါတော့။ မိတ်ဆွေ Subject မျက်နာမူရာဖက် ( သွားနေတဲ့ဖက်) ခြမ်းက အနောက်ဖက်အခြမ်းထက် နေရာများများပိုကျန်နေစေဖို့ဖြစ်ပါတယ်။ အရပ်မျက်နာတစ်ဖက်ဖက်ကို ကြည့်နေတဲ့ လူပုံရိုက်ကူးမူမျိုးမှာလဲ Subject ကြည့်နေတဲ့ အခြမ်းက Subject ရဲ့ အနောက်ဖက်အခြမ်းထက် နေရာ ပိုများ ရမယ်လို့ ပြောတဲ့ သီအိုရီ ဖြစ်ပါတယ်။

                    Photo crd; Internet
                    Photo crd; Internet
                    Photo crd; Internet


Balance

Frame ထဲမှာပါဝင်နေတဲ့ Objects တွေကို Frame ထဲမှာ ညီမျှ စွာနေရာချဖို့ ပြောတာပါ။ ဓါတ်ပုံထဲမှာ တစ်ဖက်ဖက်က ဆွဲဆောင်စရာတွေနဲ့ အားသာ နေပြီး ကျန်တစ်ဖက်က အားနည်းနေတာမျိုး မဖြစ်စေဖို့ပါ။ မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ Main Subject ကို Frame ရဲ့ တစ်ဖက်ဖက် မှာ အဓိကထား ဖေါ်ပြပြီး ကျန်အခြားတစ်ဖက်ကို Main Subject လောက်အရေးမကြီးတဲ့ အခြားတစ်ခုခု ကို နေရာချပြီးရိုက်ကူးနိုင်ပါတယ်။ Focus မပြတ်ရင်လဲ အဆင်ပြေပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ Rule တစ်ချို့မှာ Main Subject ကို သတ်မှတ်နေရာ တစ်ခုခုမှာထားပြီး ရိုက်ကူးတာ၊ဒါမှမဟုတ် ဘာမှမပါဝင်စေပဲရိုက်ကူးတာ၊ စတာတွေကို တွေ့ရမှာပါ။ ဒီနေရာမှာ ပြောချင်တာက၊ ဘယ် Rule ကဖြင့် ပိုမှန်တယ်၊ ပိုကောင်းတယ် စသည်ဖြင့် မရှိပါဘူး။ တစ်ချို့ Rule က တစ်ချို့ သော အခြေအနေမှာ ပိုသင့်တော်ပြီး၊ တစ်ချို့ကျပြန်တော့ အခြားနေရာ တစ် ခုခုမှာ ပိုသင့်တော်မယ်ဆိုတဲ့သဘောပါပဲ။ အချို့သော Rule တွေက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်သလိုဖြစ်နေတတ်ပေမယ့် ဒါကပြသနာ မဟုတ်ပါဘူး။ ကိုယ် လိုအပ် တဲ့အခါ လိုအပ်သလို အသုံးပြုနိုင်ဖို့ Guide Line တွေသာဖြစ်ပါတယ်။ Balance ဖြစ်အောင်ရိုက်ထားတဲ့ ပုံအချို့ကို လေ့လာကြည့်ပါ။

                Photo crd; Internet
                Photo crd; Internet
                Photo crd; Internet


Golden Triangles

Golden Triangles ဆိုတာက၊ တကယ်တော့ Rule of Thieds နဲ့ သဘောသ ဘာ၀ နီးစပ်စွာတူပါတယ်။ Rule of Thirds မှာ Frame ကို လေးထောင့် ကွက် တွေနဲ့ ဖွဲ့စည်းပြီး Golden Triangles မှာတော့ Frame ကို တြိဂံ အကွက်တွေနဲ့ ဖွဲ့စည်းပါတယ်။ Subject ထားသိုတဲ့နေရာလဲ အတူတူ လောက်ပါပဲ။ သူ့ကို Rule of Thirds ရဲ့ Update Version လို့ပြောရင်တောင် ရနိုင်ပါတယ်။



Frame မှာ ထောင့်ဖြတ်မျဉ်းတစ်ခုရေးဆွဲပါတယ်။ အဲဒီ ထောင့်ဖြတ်မျဉ်းပေါ်ကို 90* ကျအောင်း အခြားမျဉ်း နှစ်ကြောင်းကို၊ အခြားထောင့်နှစ်ထောင့်ကနေ ရေးဆွဲ ရပါမယ်။ အသုံးပြုပုံအနေနဲ့ကတော့ ကိုယ့်ရဲ့ Subject ကို ထောင့်ဖြတ်မျဉ်းပေါ်မှာ ထားနိုင်သလို၊ အခြား ထောင့်မှန်လိုင်းတွေပေါ်မှာလဲ ထားနိုင်ပါတယ်။ အဓိက Main Interest Point ကိုတော့ ထောင့်ဖြတ်မျဉ်းနဲ့ ထောင့်မှန်မျဉ်း ဆုံမှတ်နေရာမှာ ထားနိုင်ပါတယ်။ တြိဂံ အကွက်တွေထဲမှာ Subject တွေကိုထားပြီး Leading Lines တွေကို ထောင့်ဖြတ်မျဉ်းဒါမှမဟုတ် ထောင့်မှန်မျဉ်းတွေနဲ့ အပြုင်ဖြစ်စေပြီးတော့လဲ ရိုက်ကူးနိုင်ပါတယ်။



                        Photo crd; Internet
                        Photo crd; Internet
                        Photo crd; Internet
                       Photo crd; Internet



Golden Ratio

Golden Ratio ဆိုတာကတော့ ဓါတ်ပုံရိုက်ကူးရာမှာ ထားသို အသုံးပြုဖို့က သိပ်ခက်လှတယ်လို့ မဆိုသာပေမယ့် သူရဲ့ ဖြစ်ပေါ်လာပုံ အသေးစိတ်ကို ပြောရမယ်ဆိုရင် တော်တော်အသေးစိတ်ကျပြီး လက်ဝင်ပါတယ်။ သင်္ချာ သဘောတရားတွေများစွာပါဝင်ပြီး သမိုင်းနဲ့ချီ ရှင်းပြရမယ့် အရာမျိုးပါ။ အခုဒီ Note မှာတော့ Beginner တစ်ယောက်အနေနဲ့ နားလည်လွယ်အောင်နဲ့ အသုံးပြုပုံကိုသာ အဓိကရည်ရွယ်ပြီး ဖေါ်ပြသွားမှာဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေအနေနဲ့ ဒီ Golden Ratio အကြောင်း အသေးစိတ် သိချင်တယ်ဆိုရင် တော့ ဆရာဦးစိုးလှိုင် ရေးထားတဲ့ Golden Ratio အကြောင်း အသေးစိတ်ကို ဒီ Link မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။Country Road: Golden Ratio vs Rule of Thirds ( Unicode) (shlaing.blogspot.com)

 အဲဒီမှာ ဆရာက Golden Ratio အကြောင်း အသေးစိတ်ကို သေချာရှင်း ပြ ထားပါတယ်။

 

 

Golden Ratio ဆိုတာကို  ကို Beginner တစ်ယောက်အနေနဲ့ အလွယ်နား လည်အောင် လေ့လာ ကြည့်ရအောင်။

 

Golden Ratio ကို

Golden Mean

Golden Section

Divine Proportion

လို့လဲ ခေါ်ကြပါတယ်။ တကယ်တော့ Golden Ration ဆိုတာ သင်္ချာ ညီမျှခြင်း သဘော တစ်ခုဖြစ်ပါတယ်။



အပေါ်ကပုံကို ကြည့်ကြည့်ပါ။ (b) သည် (a) ထက် အနီးစပ်ဆုံးအနေနဲ့ 1.618 ဆပိုကြီးပါတယ်။ ဆိုလိုတာက တစ်ကယ်လို့ (a) ရဲ့အကွာအဝေးဟာ (1) ရှိတယ်ဆိုရင်၊ (b) ရဲ့ အကွာအဝေးဟာ (1.618) ရှိရမယ်လို့ဆိုပါတယ်။ ဒါက မျဉ်းဖြောင့်မှာကြည့်တာပါ။ ထောင့်မှန်စတုဂံ နဲ့ ကြည့်မယ်ဆိုရင်




 

(a) ရဲ့ တန်ဖိုးဟာ (1) ရှိတယ်ဆိုရင် (a+b) တန်ဖိုးဟာ (1.618) ရှိတယ်လို့ ဆိုလိုပါတယ်။ နောက်တစ်နည်းအနေနဲ့ပြောရရင် (a) ဖက်က ထောင့်မှန် စတုဂံဟာ (b) ဖက်က ထောင့်မှန်စတုဂံထက် ( 1.618 ) ပိုကြီးပါတယ်။ အချိုးအနေနဲ့ပြောမယ်ဆို 1:1.618 ပါ။ဒီအချိုးကိုပဲ Golden Ratio လို့ခေါ် ပါတယ်။    ဒါကို  “phi” လို့လဲ ခေါ်ပြီး သင်္ကေတအားဖြင့်   “ ϕ (သို့) φ” ဖြင့်ဖေါ်ပြပါတယ်။ ဂရိဝေါဟာရဖြစ်ပါတယ်။ ဒီနည်းနဲ့ ညီမျှခြင်းချ လိုက်တဲ့ အခါ အခုလိုရပါတယ်။



 

a နဲ့ b ပေါင်းခြင်းရလဒ်ကို a နဲ့စားခြင်းရလဒ်သည်၊ a ကို b နှင့် စားခြင်းရ လဒ်နှင့် တူသည် ဟုဆိုပါသည်။ ϕ or ϕ ကို တွက်ချက်ရာမှာ ရေဘုယ အား ဖြင့် အောက်ပါ ညီမျှခြင်းအတိုင်းတွက်ပါတယ်။



အလွယ်တွက်တဲ့အခါမှာတော့ ဒသမကိန်း () လုံးထိပဲယူပြီး  1.618 နဲ့ပဲတွက်ကြပါတယ်။

 

ဖွဲ့စည်းတည်ဆောက်ပုံနဲ့ပါတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Golden Ratio ကို Fibonacci sequence ဆိုတဲ့ ကိန်းစဉ်တန်းတည်ဆောက်ပုံကနေ အခြေပြုတည်ဆောက်လာ တာလို့ဆိုရပါမယ်။

AD 12 ရာစုလောက်က Leonardo Fibonacci ဆိုတဲ့ ပညာရှင်တစ်ဦးဟာ ကိန်းဂဏန်းစဉ်တစ်ခုကို တီတွင်ဖန်တီး ခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ ဂဏန်း စဉ်က () ကနေစပြီး အဲဒီဂဏန်းကို နောက်က ဂဏန်းနဲ့ ပြန်ပြန်ပြီးပေါင်း သွားတာပါ။ဆိုလိုတာက

 

1+1+2+3+5+8+13+21+34+55+89+144+233+377  စသည်ဖြင့်

 

ဒါကြောင့် ဒီကိန်းစဉ်တန်းကို Fibonacci sequence လို့ခေါ်ပါတယ်။ ဒီကိန်းစဉ်တန်းမှာ ဂဏန်းတစ်ခုကို သူ့ရဲ့ နောက်က ဂဏန်းနဲ့ ပြန်စားလိုက်ရင်1.618 နဲ့အနီးစပ်ဆုံးပြန်ရပါတယ်။ ကိန်းငယ်တွေမှာ မသိသာပေမယ့် ကိန်းဂဏန်းကြီးလာတာနဲ့အမျှ အတိအကျနီးပါးကို ရပါတယ်။ ဥပမာ ၃၇၇ ကို ၂၃၃ နဲ့ စားရင် .၆၁၈ ရတယ်ဆိုတာ တွေ့ရပါတယ်။ ဒီကိန်းစဉ်တန်းသဘောအတိုင်း Square စတုရန်းအကွက်လေးတွေနဲ့ ချဆွဲ တဲ့အခါ အခုလို တွေ့ရပါတယ်။




1 လို့ဖေါ်ပြထားတဲ့အကွက်လေးမှာ အနားတစ်ဖက်စီက 1 တန်ဖိုးရှိပြီး 2,3,5,8,13,21 စသည်ဖြင့် Square လေးတွေက Fibonacci sequence ရဲ့ အလို အတိုင်းကြီးသွားပါမယ်။ အဲဒီ Square လေးတွေကို အထက်ပါပုံ အတိုင်း ဆက်ပြီးဆွဲလိုက်တဲ့အခါ ပုံမှာပြထားသလို ခရုပတ်မျဉ်းကြောင်း လေး ကိုရရှိစေပါတယ်။ ဒီခရုပတ်မျဉ်းလေးကို Fibonacci Spiral ဒါမှမဟုတ် Golden Spiral လို့ခေါ်ပါတယ်။ ဒီခရုပါတ်လိုင်းလေးကို Frame ပေါ်မှာ နေရာ အမျိုးမျိုးချပြီးရေးဆွဲနိုင်ပါတယ်။




Golden Ratio မှာပါတဲ့ ဒီ Square လေးတွေက လူတစ်ယောက်ရဲ့ အမြင်ဖမ်းစားမှုကို ဆင့်ကဲဖြစ်စေတယ်လို့ဆိုပါတယ်။ Golden Spiral ခရုပါတ် ရဲ့ အဆုံးသတ် အငယ်ဆုံး Square လေးတွေရှိတဲ့နေရာက အမြင် အာရုံကို အဖမ်းစား နိုင်ဆုံးနေရာလို့ ဆိုပါတယ်။ Golden Spiral ခရုပါတ်ရဲ့ သဘောကတော့ အမြင်အာရုံကို အဖမ်းစားနိုင်ဆုံးနေရာကို ဆွဲခေါ်သွားမယ့် မမြင်ရတဲ့ Leading Lines သဘောပါပဲ။ ဒါကြောင့် အသုံးပြုပုံအနေနဲ့ ကတော့ ကိုယ့် Subject ရဲ့ COI လို့ခေါ်တဲ့ Center of Interest စိတ်ဝင်စား ဖို့အကောင်းဆုံးနေရာကို Spiral ရဲ့ အဆုံးသတ်နေရာနားတွေ မှာထားပြီး ရိုက်ကူးခြင်းဖြင့် ကြည့်ရှုသူရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်တယ် ဆိုတဲ့ သဘောပါ။ အလွန်ကျော်ကြားခဲ့တဲ့ Leonardo Da Vinci ရဲ့ Mona Lisa နဲ့ The Last Supper ဆိုတဲ့ ပန်းချီကားတွေမှာလဲ ဒီ Golden Ratio ကို အသုံးပြုခဲ့တာတွေ့ရပါတယ်။


                           Photo crd; Internet


သဘာ၀တရားကြီးမှာကိုကဒီ Golden Spiral ရဲ့ သဘောသဘာ၀အတိုင်း ဖြစ်ပေါ်နေတာတွေကို များစွာတွေ့ရပါတယ်။ အချို့သော သက်ရှိတွေ၊ အချို့သောပန်းမံသစ်ပင်တွေမှအစ၊ မုန်တိုင်းတစ်ခုကို ဂြိုဟ်တု ကရိုက်ထားတဲ့ပုံတွေ၊ ကျွန်တော်တို့ရဲ့ နေစင်္ကြာ၀လာ ပုံတွေထိ ဒီGolden Spiral ရဲ့ ပုံစံအတိုင်းတည်ရှိနေတတ်တာကို တွေ့ရလေ့ရှိပါတယ်။



 အောက်မှာ Golden Ratio နည်းကိုအသုံးပြုပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကို လေ့လာကြည့်ပါ။

             Photo crd; Internet
             Photo crd; Internet
              Photo crd; Internet
              Photo crd; Internet


 

Golden Ratio and Rule of Thirds

Golden ratio ရဲ့ Phi Grid Line တွေဟာ Rule of Thieds ရဲ့ Grid Line တွေနဲ့ အနည်းငယ်လောက်သာကွာပြီး နီးနီးစပ်စပ်တူနေပါတယ်။ ဒီတော့ COI ထားမယ့်နေရာ (ဆုံမှတ်) လေးတွေ နေရာ နဲနဲကွာသွားတာရယ် လိုင်းတွေရဲ့ အကွာအဝေး အနိမ့် အမြင့်လေးတွေ နဲနဲ စီ ကွာသွားတာပေါ့။

(ဒီပုံမှာ အဖြူရောင်မျဉ်းတွေက Rule of Thirds Grid Line တွေဖြစ်ပြီး အပြာရောင်မျဉ်းတွေက Golden Ratio Grid Line တွေဖြစ်ပါတယ်။)

 ဒီတော့ Golden Ratio နဲ့ Rule of Thirds ဘယ်လို ကွာသလဲ။ ဘယ်ဟာကပိုကောင်းလဲဆိုပြီးမေးစရာရှိလာပါတယ်။ အထက်မှာ ပြောခဲ့ပြီး သလိုပဲ ဘယ် Rule ကတော့ဖြင့် ဘယ် Rule ထက်ပိုကောင်းတယ် ရယ်လို့တော့ မရှိပါဘူး။ မိတ်ဆွေ ရိုက်ကူးမယ့် မြင်ကွင်းပုံရိပ်နဲ့ပဲဆိုင်ပါမယ်။ အဲဒီမြင်ကွင်း ကိုမိတ်ဆွေအနေနဲ့ဘယ်လိုရိုက်ချင်တယ် ဆိုတာအပေါ်မူ တည်ပြီး ဘယ် Rule ကတော့ဖြင့် ပို သင့်တော်မယ်ဆိုတာ မိတ်ဆွေကိုတိုင်ပဲရွေးချယ်ရမှာပါ။ တစ်ချို့ဆရာတွေအဆိုအရ Golden Ratio က ပိုတိတိကျကျရှိပြီး ဆွဲဆောင်မှုပိုရှိတယ် ဆိုပြီးလဲပြော ကျပါတယ်။ Rule of Thirds က Golden Ratios ကို Modify လုပ်ထားတာလို့လဲ အဆိုရှိပါတယ်။ ပုံမှန်ငြိမ်သက်နေတဲ့ မြင်ကွင်းသေပုံရိပ်မျိုးမှာ Rule of Thirds ကို အသုံးပြုပြီး၊ လှုပ်ရှားမှုတစ်ခုတစ်ခုကို အထူးပြုပြီးပြချင်တဲ့ အခါမျိုးမှာ Golden Ratio ကို အသုံးပြုသင့်ကြောင်း အကြံပြုချက်တွေလဲ ရှိပါတယ်။



             Photo crd; Internet
             Photo crd; Internet

                              Photo crd; Internet

 

ဒီတော့ မိတ်ဆွေအနေနဲ့ ကိုယ်ရိုက်ကူးမယ့် ပုံရိပ်ကို ဘယ် Rule သုံးပြီးရိုက်ကူးမယ်၊ ဒါမှာမဟုတ် ()ခုစလုံးကို ရောပြီးအသုံးပြု ရိုက်ကူးမယ် (ဥပမာ၊ မိုးကုတ်စက်ဝိုင်းကို Rule of Thirds Grid Line မှာထားပြီး COI ကို Golden Ratio မှာထားပြီး ရိုက်ကူးမယ်) ဆိုတာကတော့ မိတ်ဆွေကိုတိုင်ပဲ ဆုံးဖြတ်ရမှာပါ။

 

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ Photography  ဆိုတဲ့ ဓါတ်ပုံအရာမှာ Composition Rule က ဘယ်နှစ်ခုရှိတယ်၊ ဘယ် Rule ကတော့ဖြင့် ဘယ် Rule တွေထက်ပိုကောင်းတယ်၊ စသည်ဖြင့် မရှိဘူးဆိုတာ နားလည်ထားဖို့လိုပါတယ်။ Composition Rules တွေဆိုတာ မဖြစ်မနေလိုက်ကို လိုက်နာရမယ့် Rules တွေမဟုတ်ပဲဓါတ်ပုံ တစ်ပုံရဲ့ အရည်အသွေးပိုမိုကောင်းမွန်လာစေရန် အလျင်း သင့်သလို အသုံးပြုနိုင်ဖို့ လမ်းညွှန်ချက် Guide Lines တွေသာ ဖြစ်ပါတယ်။ Composition Rule တွေရဲ့ သဘောသဘာ၀ကို တီးခေါက်မိပြီး မိမိ အမှန်တကယ်ရိုက်ကူးတဲ့အခါ၊ ဘယ် Rule တွေကိုသုံးမယ်၊ ဒါမှမဟုတ် ဘယ်Rule နဲ့ ဘယ် Rule တွေကို ပေါင်းစပ်ပြီးသုံးမယ်ဆိုတာကို ဆုံးဖြတ်ရိုက်ကူးနိုင်ဖို့ ပိုအရေးကြီးပါတယ်။ နောက်ဆုံး ဘယ် Rule ကိုမှမသုံးဘူး၊ Rules တွေကို ဖေါက်ထွက်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန် အတိုင်း ရိုက်ကူးမယ်ဆိုရင်တောင်၊  Composition Rule တွေကို သေချာ နားလည်သဘောပေါက်ထားဖို့တော့လိုမှာပါ။ ဒါမှသာလျှင် Composition Rules တွေကို ဖေါက်ထွက်ပြီး မိမိရဲ့ ကိုယ်ပိုင်ဟန် ကို လှပစွာ ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း …..

 

 

အားလုံးအဆင်ပြေကျပါစေ

Khin Maung Chin ( Kalaw )



No comments:

Post a Comment

Most View