Thursday, 3 December 2020

F Stop ဆိုတာ ဘာလဲ...

HAPPY HOME PHOTOGRAPHY-NOTE (11)

What is F-Stop and How Does it Work?

F-Stop ဆိုတာ ဘာလဲ…ဘယ်လို အလုပ်လုပ်သလဲ

ဓါတ်ပုံအရာစတင်လေ့လာနေသူတစ်ယောက်အနေနဲ့ F-Stop ဒါမှမဟုတ် F Numberလို့ လဲ ခေါ်ကြတဲ့  အခေါ်အ ဝေါ်ကို ကြားဖူးကြမှာပါ။ အခုဒီNote မှာတော့ F-Stop ဒါမှမဟုတ် F Number ဆိုတာ ဘာကို ပြောတာလဲ ပြီးတော့ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ မှင်သက် ငေးမောရလောက်တဲ့ ပုံမျိုးဖန်တီးနိုင်ဖို့ဆိုရင် F-Stop အကြောင်းသေချာ နားလည်ဖို့ကလဲ အင်မတန် အရေးကြီးပါတယ်။



Why Aperture is Important

Aperture က ဘာလို့ အရေး ကြီးရတာလဲ

Aperture ဆိုတာ ကင်မရာ Sensor စီကို အလင်းဝင်ရောက်နိုင်ဖို့၊ Lens မှာပါတဲ့ အပေါက်လေး ကိုခေါ်တာ ပါ။ အဲဒီအပေါက်လေးက လိုအပ်သလို ကျဉ်းနိုင် ကျယ်နိုင်ပါတယ်။ အဲဒီလို ကျဉ်းနိုင် ကျယ်နိုင်အောင် Aperture Blade လေးတွေက ဆောင်ရွက်ပေးတာပါ။ Aperture Blade လေးတွေ

ကပဲ စက်ဝိုင်းပုံနီးပါး အပေါက်လေးကိုဖြစ်ပေါ်စေသလို ကျဉ်းခြင်းကျယ်ခြင်းအားဖြင့် မတူညီတဲ့ Aperture အကြီးအသေးတန်ဖိုးကိုဖြစ်စေပါတယ်။ ဒါကြောင့် ဓါတ်ပုံဆရာတွေ ပြောပြောနေတဲ့ Aperture အကြီး၊ အသေး ဆိုတာတွေက၊ အဲအပေါက်ရဲ့ ကြီးခြင်း၊ သေးခြင်းကိုပြောတာပါ။ 




ဒီလို Aperture အကြီး၊ အသေးတွေကို အသုံးပြုပြီးရိုက်ကူးတဲ့အခါမှာ ဓါတ်ပုံမှာ အလင်းသက်ရောက်မှု့ အနဲ အများကို တိုက်ရိုက်ဖြစ်စေပါတယ်။ Aperture ကျယ်ရင် အလင်းများများဝင်ပြီး Sensor က အလင်းပမာဏ ပိုများများလက်ခံရရှိတယ်ပေါ့။ ဆန်ကျင်ဖက်အနေနဲ့ Aperture ကျဉ်း ရင်တော့ အလင်းနဲနဲပဲဝင်ရောက်နို်ငမှာဖြစ်ပြီး Sensor က အလင်းပမာဏ နဲနဲပဲ လက်ခံရရှိနိုင်မှာပါ။ Aperture ဟာ ဒီတစ်ခုထဲကိုပဲ သက်ရောက်စေတာတော့မဟုတ်ပါဘူး။ ပုံတစ်ပုံရဲ့ အရှေ့မှသည် ဟိုးအနောက်ဖက် ထိ အကွာအဝေးမှာ ပြတ်သားစွာပေါ်လွင်တဲ့အကွာအဝေး ပမာဏဖြစ်တဲ့ ပုံရိပ်ပြတ်သားသည့်ဧရိယာ Depth of Field ကိုလဲ Aperture ကသက်ရောက်ဖြစ်ပေါ်စေပါတယ်။ Aperture အကြီး အသေးပေါ်မူ တည်ပြီး Depth of Field ပမာဏလဲ ကွဲပြားပါတယ်။ 


ကိုယ်လိုချင်တဲ့ မြင်ကွင်းပါတဲ့ပုံရိပ်ကို ဖန်တီးရာမှာ Aperture ကိုချိန်ညှိရိုက်ကူးခြင်းက အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ပုံဆရာတော်တော်များများဟာ Aperture ကို ကိုယ်လို ချင်သလို ချိန်ညှိရိုက်ကူးလို့ရတဲ့ Camera Mode တွေဖြစ်တဲ့ Aperture Priority Mode နဲ့ Manual Mode တွေကို အချိန်တော်တော်များများမှာ သုံးကြတာပဲ ဖြစ်ပါတယ်။



What is F-Stop?

F-Stop ဆိုတာ ဘာလဲ

F Number F နံပါတ်လို့လဲ လူသိများတဲ့ F-Stop ဆိုတာ Sensor စီကို အလင်းဝင်ရောက်လာမယ့် Aperture အပေါက်ရဲ့ အကျယ် (အချင်း) ပမာဏ ကိုဖြစ်ပေါ်စေမယ့်၊ Lens တစ်ခုရဲ့ Focal Length အချိုးအစား တစ်ခုဖြစ်ပါတယ်။ နားရှုပ်သွားလားမသိဘူး။ မပူပါနဲ့။ Beginner တစ်ယောက်အနေနဲ့ နားလည်လွယ်အောင် အောက်မှာ ဆက်လက်ရှင်းပြသွားပါမယ်။ လွယ်ကူတဲ့ ဝေါဟာရနဲ့ ပြောရရင် F-Stop  ဆိုတာ မိတ်ဆွေ Lens မှာ Aperture တန်ဖိုးကို ပြောင်းလဲလိုက်တဲ့အခါ ကင်မရာကပြပေးတဲ့ နံပါတ်လေးတွေကိုပြောတာပါ။ မိတ်ဆွေအနေနဲ့ ကင်မရာမှာ မြင်ဖူးနေကျ နံပါတ်လေးတွေဖြစ်မှာပါ။ View Finder သို့မဟုတ် ကင်မရာ LCD Screen မှာ F-Stop ကို f/2.8,f/4,f/5.6,f/8,f/11  စသည်ဖြင့် ဖေါ်ပြထားပါတယ်။ 

အချို့သော ကင်မရာတွေမှာတော့ Slash မျဉ်းစောင်းမပါပဲ Capital Letter နဲ့တိုက် ရိုက်တွဲပြီး ဖေါ်ပြပါတယ်။ F2.8,F4,F5.6,F8,F11 စသည်ဖြင့်ပေါ့။ တန်ဖိုးချင်းကတော့ အတူတူပါပဲ။



Why Aperture written as an f-Number?

Aperture နံပါတ်ကို ဘာဖြစ်လို့ f နဲ့တွဲဖက် ရေးသားဖေါ်ပြရတာလဲ

Aperture ကို ဘာလို့ အဲလိုရေးရတာလဲ။ ဥပမာ- f/8 ဆိုတာ တကယ်တမ်းဘာကိုဆိုလိုချင်တာလဲ။ တကယ်တော့ သူက အပိုင်းကိန်းတစ်ခုကို ရည်ညွှန်းရေးသားထားတာပါ။ ဆိုလိုတာက မိတ်ဆွေအနေနဲ့ Aperture f/8 ကို ၁/၈ ( ရှစ်ပုံ၊ တစ်ပုံ) လို့ သတ်မှတ်နိုင်ပါတယ်။ ထိုနည်းတူ Aperture f/2 ကို ၁/၂       ( နှစ်ပုံတစ်ပုံ) Aperture f/16 ကို ၁/၁၆ ( တစ်ဆယ့်ခြောက်ပုံ၊ တစ်ပုံ) စသည်ဖြင့် တွေးတောယူဆနိုင် ပါတယ်။ OK.. ဒါဆို f နံပါတ် အများကဘာလို့သေးပြီး  f နံပါတ် အနဲက ဘာလို့ ကြီးရသလဲဆိုတာ သဘောပေါက်မယ်ထင်ပါတယ်။ ၁/၂ ( နှစ်ပုံ၊ တစ်ပုံ ) က ၁/၁၆ ( တစ်ဆယ့်ခြောက်ပုံ၊ တစ်ပုံ) ထက်ပို ကြီးတာကိုဗျ..နော်…

အခုလောက်ဆိုရင် ဓါတ်ပုံဆရာတွေက Aperture ချဲ့ပါ။ တစ်နည်း အကြီးသုံးပါဆိုတာ f/1.4,f/2.8 တို့လို f နံပါတ် အနဲနဲ့ Aperture ကို သုံးစေလိုတာဖြစ်ပြီး၊ Aperture ချုံ့(Aperture ကျစ်) တစ်နည်း အသေးသုံးပါဆိုတာ f/8,f/11/f/16 တို့လို  f နံပါတ် အများနဲ့ Aperture ကို သုံးဖို့ပြောတယ်ဆိုတာ သဘောပေါက် လောက်ပြီ ထင်ပါတယ်။

ဒီနေရာမှာမေးဖို့ရှိလာတာက ( f ) ဆိုတဲ့ စကားလုံးကိုဘာကြောင့်သုံးရတာလဲ… သူကဘာကို ဆိုလိုတာလဲ ဆိုတာပဲဖြစ်ပါတယ်။ ဥပမာ- f/8 ဆိုပါစို့။ အဲဒီ အရှေ့က ( f ) ဆိုတာဘာကိုဆိုလိုတာလဲ။ ဟုတ်ကဲ့ ..အဲဒီ ( f ) ဆိုတာ Focal Length ကို ရည်ညွှန်းပါတယ်။ မိတ်ဆွေအနေနဲ့ အဲဒီ ( f ) ဆိုတဲ့ နေရာမှာ မိတ်ဆွေ အသုံးပြုမယ့် Focal Length ကို အစားထိုးထည့်လိုက်မယ်ဆိုရင်၊ မိတ်ဆွေရဲ့ Lens မှာ Aperture Blade ကဖြစ်ပေါ်စေမယ့် အလင်းဝင်ရောက်မယ့် အပေါက်ရဲ့ ပမာဏ ( အချင်း) ကို ရလာမှာဖြစ်ပါတယ်။ ဥပမာ-မိတ်ဆွေမှာ 80-200mm f/2.8 Lens တစ်ခုရှိတယ်ဆိုပါစို့။ အဲဒီ Lens မှာ Zoom ကို အဆုံးထိချပြီး 80mm မှာထားပြီး Aperture f/4 နဲ့ ရိုက်မယ်ဆိုပါစို့။ မိတ်ဆွေရဲ့ Lens Aperture Blade ကဖြစ်ပေါ်စေမယ့် အလင်းဝင်ရောက်မယ့် အပေါက်ပမာဏ (အချင်း) က 20mm အတိအကျ ရှိနေမှာပါ။ (80mm/4) Aperture f/16 မှာထားလိုက်မယ်ဆိုရင်တော့ Aperture Blade ရဲ့ အချင်းက 5mm ပဲရှိတော့မှာဖြစ်ပါတယ်။ (80mm/16)

Aperture Blade က f/16 မှာထက် f/4 မှာ ပိုမိုကျယ်ဝန်းစွာ ဖြစ်ပေါ်စေပါတယ်။ ဒီလောက်ဆိုရင် အတော်အတန် သဘောပေါက်လောက်မယ်ထင်ပါတယ်။


Which F-Stop Values Can You Actually Set?

ဘယ် F-Stop တန်ဖိုးဆွေကို အမှန်တကယ် ထားရှိ အသုံးပြုလို့ရပါသလဲ

မိတ်ဆွေထားချင်တဲ့နံပါတ်အတိုင်း F-Stop ကို အတိအကျကြီး လိုက်ထားလို့တော့မရပါဘူး။ မိတ်ဆွေ Lens မှာပါတဲ့ Aperture Blade က မိတ်ဆွေထားချင်တဲ့ ဘယ်နံပါတ်မှာမဆိုထားပေးပြီး ကျဉ်းစေ၊ ကျယ် စေဖို့ မတတ်နိုင်ပါဘူး။ Lens တွေမှာ အကျယ်ဆုံး Maximum Aperture တွေက f/1.2,f/2,f2.8,f/3.5, f/4,f/5.6  စသဖြင့်ပဲ ရှိနေတတ်ပါတယ်။ အဲဒါတွေအတိုင်းပဲ ထားလို့ရပါမယ်။ ဓါတ်ပုံဆရာအတော်များများဟာ Lens က ခွင့်ပြုပေးနိုင်တဲ့ပမာဏအတိုင်း အကျယ်ဆုံး Aperture ကို မက်မောကျပါတယ်။ ဒါကြောင့်လဲ f/1.2,f/1.8,f/2,f/2.8 တို့လို အကျယ်ဆုံး Aperture တွေကို  ပံ့ပိုးပေး နိုင်တဲ့ Lens တွေကို ဝယ်ယူရရှိဖို့ ငွေပိုသုံးကျတာပါ။ (Aperture အကျယ်ဆုံးပံ့ပိုပေးနိုင်တဲ့ Lens တွေက တစ်စိတ်စျေးကြီးလေ့ရှိပါတယ်) ဘာကြောင့် Aperture ပိုကျယ်တဲ့ Lens တွေကို ပိုမက်မောကျတာလဲ.. ရှင်းပါတယ် အပေါက်ကျယ်တော့ အလင်းများများပိုဝင်နိုင်တာပေါ့ဗျာ။ f/2.8 Lens က f/4 Lens တက် အလင်းကို (၂)ဆ ပိုမိုလက်ခံနိုင်ပါတယ်။ အလင်းရောင်အားနဲတဲ့ Low Light အခြေအနေတွေမှာ ကြီးမားတဲ့ ကွာခြားချက်ဖြစ်ပါတယ်။ လူတွေက အကျယ်ဆုံး Aperture ကို အလေးထားလာကျတဲ့ အတွက် ကင်မရာ Lens ထုတ်လုပ်သူတွေကလဲ သူတို့ Lens ရဲ့ အကျယ်ဆုံး Maximum Aperture ကို မြင်သာအောင် Lens Body ကိုယ်ထည်ပေါ်မှာ ထည့်သွင်းရေးသားလာကျပါတယ်။ ဥပမာ Nikon ရဲ့ နာမည်ကြီး Lens တစ်ခုဖြစ်တဲ့ Nikon20mm f/1.8G ဆိုတာမျိုးပေါ့။ သူရဲ့ Maximum Aperture အကျယ်ဆုံး Aperture က f/1.8 ထိ ရတယ်ဆိုတာ မြင်သာအောင်ဖေါ်ပြထားတဲ့ သဘောပေါ့။

အလင်းရောင်ဆိုလို့ လရောင်လေးတစ်ခုသာရှိတဲ့အချိန်မှာ Nikon20mm f/1.8G Lens နဲ့ ရိုက်ထား တဲ့ပုံတစ်ပုံဖြစ်ပါတယ်။ Aperture အကျယ်ဆုံးတွေကိုသုံးပြီး Tripod ကိုပါ အသုံးပြုရိုက်ကူးတဲ့ အခါမှာ ပတ်ဝန်းကျင်က မှောင်နေတာတောင် ပုံရိပ်ကို ကောင်းစွာ ဖမ်းယူရရှိနိုင်တာတွေ့ရပါတယ်။ မိတ်ဆွေမှာ 50mm f/1.4 Lens ရှိတယ်ဆိုရင် သူရဲ့ အကျယ်ဆုံး Aperture က f/1.4 ဖြစ်ပါတယ်။ တစ်ချို့ Professional Zoom Lens တွေ ဥပမာ 24-70mm f/2.8 , 70-200mm f/2.8 လို Lens တွေမှာ Maximum Aperture f/2.8 ဖြစ်ပြီး၊ ဘယ် Focal Length မှာမဆို f/2.8 ဖြစ်နေမှာပါ။။ ဒါပေမယ့်တစ်ချို့ စျေးချိုတဲ့ Lens တွေ ဥပမာ 18-55mm f/3.5 -5.6 လို Lens တွေမှာတော့ Maximum Aperture က Focal Length အပေါ်မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ဆိုလိုတာက Focal Length 18mm မှာ Maximum Aperture က f/3.5 ဖြစ်မှာဖြစ်ပြီး၊ Focal Length 55mm ကိုပြောင်းလိုက်တဲ့အခါမှာ Maximum Aperture က f/5.6 ဖြစ်သွားမှာဖြစ်ပါတယ်။ ဓါတ်ပုံဆရာအတော်များများက Maximum Aperture အကျယ်ဆုံး Aperture ကို မက်မောကျပေမယ့်၊ Minimum Aperture အကျဉ်းဆုံး Aperture ကိုတော့ သိပ်ဂရုမပြုကြပါဘူး။ ဒါကြောင့်လဲ ထုတ်လုပ်သူတွေက Minimum Aperture အကျဉ်းဆုံး Aperture ကို Lens မှာ ဖေါ်ပြလေ့မရှိပါဘူး။ ဒါပေမယ့်လဲ မိတ်ဆွေအနေနဲ့ သိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ Website တွေမှာ အလွယ်တကူပဲ သွားရောက်​လေ့လာနိုင်ပါတယ်။ များသောအားဖြင့် Lens တစ်ခုရဲ့  Minimum Aperture အကျဉ်းဆုံး Aperture တွေက f/16,f/22,f/32 စတာတွေမျိုး ဖြစ်လေ့ရှိပါတယ်။



F-Stop and Depth of Field

F-Stop နှင့် ပုံရိပ်ပြတ်သားသည့် ဧရိယာ

F-Stop ဟာ အလင်းဝင်ရောက်မှုပမာဏကို သက်ရောက်စေရုံတင်မက Depth of Field လို့ ခေါ်တဲ့ ပုံရိပ်ပြတ်သားသည့်ဧရိယာကိုလဲ သက်ရောက်ဖြစ်ပေါ်စေပါတယ်။ 

F-Stop နံပါတ် ငယ်လေလေ Depth of Field ပုံရိပ်ပြတ်သားသည့်ဧရိယာ ကျဉ်းလေလေ (ပါးတယ်လို့လဲပြောကြပါတယ်) ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်အလှပုံတွေ ရိုက်ကြတဲ့ Portrait Photographer တွေက Depth of Field အပါးလေးတွေကို ဖြစ်စေတဲ့ f/1.4,f/2,f/2.8 တို့လို F-Stop တွေပါတဲ့ Lens တွေကို မက်မောကြတာပါ။ ဒီလို F Stop နံပါတ် အငယ်တွေက ကိုလိုချင်တဲ့ Subject အစိတ်အပိုင်းလေးကိုသာ ပြတ်သားစွာ ပေါ် လွင်ပြီး ကျန်အစိတ်အပိုင်းတွေအားလုံး ( Subject ရဲ့ ရှေ့ပိုင်း ဖြစ်စေ၊ နောက်ပိုင်းဖြစ်စေ) ကို ဝေဝါး သွားစေတဲ့ Effect မျိုးကို ဖန်တီးပေးနိုင်ပါတယ်။ 


သူ့ရဲ့ ဆန့်ကျင်ဖက်အနေနဲ့ F-Stop နံပါတ် များလေလေ Dof ပမာဏ ကျယ်လေလေဖြစ်ပါတယ်။ ပုံရိပ် တစ်ခုလုံးရှေ့ရော နောက်ပါ ပြတ်သားစွာ ပေါ်စေချင်ကြတဲ့ Landscape Photographer တွေက F-Stop အများတွေဖြစ်တဲ့ f/11,f/16,f/22 တို့လို F-Stopတွေကို သုံးရခြင်းဖြစ်ပါတယ်။                ( Depth of Field အကြောင်း သီးသန့် Note ရေးထားပါတယ် )






What is the Aperture Scale?

Aperture Scale (စကေး) ဆိုတာဘာလဲ

Aperture Scale တွေကို အောက်ပါအတိုင်းဖေါ်ပြလေ့ရှိပြီး၊ Scale တစ်ခုကနေတစ်ခုကြားမှာ အလင်းဝင်ရောင်နိုင်မှု ပမာဏ တစ်ဝက်စီကွာခြားပါတယ်။

f/1.4        ( Aperture Blade က တော်တော် အကျယ်ကြီးကိုဖွင့်ထားပေးပြီး အလင်းမှားစွာဝင်ရောက်နိုင်ပါတယ်)

f/2.0        ( f/1.4 မှာဝင်တဲ့ အလင်းပမာဏရဲ့ တစ်ဝက်ပဲ ဝင်ပါတယ်)

f/2.8        ( f/2.0  မှာဝင်တဲ့ အလင်းပမာဏရဲ့ တစ်ဝက်ပဲ ဝင်ပါတယ်)

f/4.0        ( စသည်ဖြင့် )

f/5.6

f/8.0

f/11.0

f/16.0

f/22.0

f/32.0     ( အလွန်ကိုသေးငယ်သော Aperture ဖြစ်ပြီး အလင်း မဝင်သလောက်နီးပါးကိုသေးပါတယ်)

အခုဖေါ်ပြထားတာတွေက အဓိက F-Stop နံပါတ်တွေဖြစ်ပါတယ်။ ဒါပေမယ့်လဲ အခုခောတ် ကင်မရာတော်တော်များများနဲ့ Lens တော်တော်များများမှာ အပေါ်မှာဖေါ်ပြထားတဲ့ အဓိက F-Stop တွေရဲ့ ကြားကF-Stop တန်ဖိုးအချို့ကိုလဲ အသုံးပြုနိုင်ပါတယ်။ ဥပမာ-f/1.8,f/3.5 တို့လိုမျိုးပေါ့။

Lens တစ်ခုရဲ့ အပြတ်သားဆုံး F-Stop တွေဟာ ဖေါ်ပြပါ တန်ဖိုးတွေရဲ့ အလည် ဝန်းကျင်လောက်က တန်ဖိုးတွေဖြစ်တဲ့ f/4,f/5.6,f/8 တို့လို F-Stop တွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ ကိုယ်လိုချင်တဲ့ Depth of Field က ပိုအရေးကြီးတာမို့ မိတ်ဆွေလိုအပ်တဲ့အချိန်မှာ ကျန်တဲ့ F-Stop တွေကို အသုံးပြုဖို့ တွန့်ဆုတ်နေစရာတော့ မရှိပါဘူး။ 



Other Effect of F-Stop

F-Stop ရဲ့ အခြားသက်ရောက်မှုများ

Understanding Aperture in photography ဆိုတဲ့ နောက်ထပ် Note မှာ F-Stop နဲ့ ပါတ်သက်ပြီး အခြားသက်ရောက်မှုတွေ အကြောင်းကို အသေးစိတ်ရှင်းပြထားပါတယ်။  diffraction, sun star, lens aberration စတဲ့ အကြောင်းအရာတွေအပြင် အခြားအကြောင်းအရောတွေလဲပါပါတယ်။ ဒါပေမယ့် မိတ်ဆွေအနေနဲ့ အဲဒီအကြောင်းအရာတွေကို အရင်ဆုံး အလျှင်စလိုသိဖို့တော့မလိုသေးပါဘူး။ Aperture အပြောင်းအလဲကြောင့်အဓိကသက်ရောက်မှုဟာ ပုံတစ်ပုံရဲ့ အလင်းအမှောင် (Exposure) ကို ဖြစ်စေ သလို ပုံတစ်ပုံရဲ့ ပြတ်သားသည့် ဧရိယာ ( Depth of Field ) ကို ထိန်းချုပ်နိုင်တဲ့ အကြောင်းတွေကို အရင် လေ့လာသင့်ပါတယ်။ ကျန် Minor Effects တွေအကြောင်းကို နောက်မှ တစ်ဖြည်းဖြည်းခြင်း လေ့လာသွားလဲ မနောက်ကြပါဘူး။

နိဂုံးချုပ်အနေနဲ့ F-Stop နဲ့ ပါတ်သက်တဲ့ အပေါ်ကအကြောင်းအရာတွေကို အကျဉ်းချုပ် ပြန်ပြောရ မယ်ဆိုရင် …

·     F-Stop aka F Number (aka = also known as) F Number လို့လဲ လူသိများတဲ့ F-Stop ဆိုတာ Aperture တန်ဖိုးကိုချိန်ညှိ သတ်မှတ်လိုက်တဲ့ အခါတိုင်း မိတ်ဆွေရဲ့ ကင်မရာ သို့ Lens မှာဖေါ်ပြပေးနေတဲ့ နံပါတ်တွေကို ဆိုလိုပါတယ်။

·     F-Stop ဆိုတာ အပိုင်းကိန်းတစ်ခုကိုရည်ညွှန်းတာဖြစ်ပါတယ်။ Aperture f/2 ဟာ Aperture f/16 ထက်ပိုကျယ်ပါတယ်။

·     မိတ်ဆွေရဲ့ မျက်လုံးသူငယ်အိမ်အလုပ်လုပ်သလိုပဲ ပိုကျယ်တဲ့ Aperture က အလင်းဝင်ရောက် နိုင်မှုပိုများပါတယ်။ မှောင်နေတဲ့ပါတ်ဝန်းကျင်မျိုးမှာ Tripod လဲ မပါသွားဘူးဆိုရင် f/1.4,f/2.8,f/3.5  တိုလို Aperture အကျယ်တွေကို သုံးနိုင်ပါတယ်။

·     မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့ Lens မှာ အကျယ်ဆုံး Aperture နဲ့ အကျဉ်းဆုံး Aperture တွေကို သုံးနိုင်ပါတယ်။ Lens  မှာပါတဲ့ Aperture တန်ဖိုးတွေကလွှဲလို့ ပိုပြီး သုံးလို့မရပါဘူး။ ဥပမာ- Nikon 50mm f/1.8G lens မှာဆိုရင် အကျယ်ဆုံး Aperture က f/1.8 ဖြစ်ပြီး အကျဉ်းဆုံး Aperture က f/16 ဖြစ်ပါတယ်။ ဒီတန်ဖိုးတွေထက်ကျော်လွန်ပြီး မိတ်ဆွေ အနေနဲ့ သုံးလို့ ရမှာမဟုတ်ပါဘူး။

·     Aperture ကို ဖြတ်သန်းဝင်ရောက်လာတဲ့ အလင်းပမာဏ အပေါ်မူတည်ပြီး Aperture ဟာ Depth of Field လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားတဲ့ ဧရိယာကို သက်ရောက်ဖြစ်ပေါ်စေပါတယ်။ f/1.8 တို့လို Aperture တွေက ကျဉ်းမြောင်းတဲ့ Depth of Field ကို ဖြစ်ပေါ်စေပါတယ်။ Portrait Photographer တွေ နှစ်သက်ရခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်။ Foreground လို့ခေါ်တဲ့ ပုံရဲ့ အရှေ့ပိုင်းကနေ Background လို့ခေါ်တဲ့ ပုံရဲ့ ဟိုးအနောက်ပိုင်းထိ ဖြစ်နိုင်ချေရှိသမျှ ပြတ်သား စွာပေါ်လွင်စေဖို့ Landscape Photographer တွေက Aperture f/8,f/11,f/16 တို့လို ကျဉ်းတဲ့ Aperture တွေကို အသုံးပြုကျခြင်းပဲဖြစ်ပါတယ်။

·     Aperture ကသက်ရောက်ဖြစ်ပေါ်စေတဲ့ အခြားအချက်များလဲ ရှိပါသေးတယ်။ ဒါပေမယ့် Exposure နဲ့ Depth of Field ကတော့ ယေဘုယျအားဖြင့် အရေးအကြီးဆုံးလို့ ပြောနိုင်ပါတယ်။

OK… အခြေခံအားဖြင့် အခုလောက်ကိုမိတ်ဆွေအနေနဲ့ နားလည်သဘောပေါက်မယ်ဆိုရင် F-Stop နဲ့ Aperture တို့ရဲ့ အခြေခံ သဘောတရားကို တီးခေါက်နိုင်မယ်ထင်ပါတယ်။ လက်တွေ့မြေပြင်မှာ အမျိုး မျိူးစမ်းသပ်ရိုက်ကူးပြီး လက်တွေ့ ပိုမိုနားလည်လာအောင်ဆက်လက်ဆောင်ရွက်ဖို့က လည်း အရေး ကြီးလှပါတယ်။

ယခု Note  သည် SPENCER COX “What is F-Stop and How does it Work? ” Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက် ကြောင့်သာဖြစ်ပါ ကြောင်း။

 

အားလုံးအဆင်ပြေကြပါစေ …

Khin Maung Chin ( Kalaw ) 











 






No comments:

Post a Comment

Most View