Thursday, 19 November 2020

Aperture ဆိုသည်မှာ

HAPPY HOME PHOTOGRAPHY – NOTE (6)

Understanding Aperture in Photography ( Aperture ဆိုသည်မှာ )








ဓါတ်ပုံအရာမှာ Shutter Speed, ISO တို့လိုမျိုး အရေးကြီးတဲ့ နောက်ထပ်မဏ္ဍိုင်တစ်ခုကတော့ Aperture ပါ။ အရေးအကြီးဆုံးလို့ပြောမယ်ဆိုရင်တောင်ပြောလို့ရပါတယ်။ ဒါဆိုရင်မိတ်ဆွေအနေနဲ့ သိသင့်သိထိုက်တဲ့ Aperture အကြောင်းနဲ့ သူတို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ဆက်ပြီးလေ့လာကြည့်ရ အောင်။

What is Aperture (Aperture ဆိုတာ ဘာလဲ )

ကင်မရာထဲကို အလင်းဝင်ရောက်စေဖို့ ကင်မရာမှန်ဘီလူး Lens မှာပါဝင်တဲ့ ချုံ့နိုင်၊ ချဲ့နိုင်တဲ့ အပေါက်ကလေးကို Aperture လို့ ခေါ်ပါတယ်။ မိတ်ဆွေရဲ့ မျက်လုံးအလုပ်လုပ်ပုံကိုစဉ်းစားကြည့်ပါ။ အလင်းရောင်များတဲ့နေရာနဲ့ မှောင်တဲ့နေရာတွေ အသီးသီးကို သွားတဲ့အခါမှာ အလင်းရောင်အနဲအများပေါ်မူတည်ပြီး မိတ်ဆွေရဲ့ မျက်ဝန်းဟာ ကျဉ်းလာတာဒါမှမဟုတ် ကျယ်လာတာဖြစ်မှာပါ။ ဒါကဘာကိုဖြစ်စေတာလဲဆိုတော့ မြင်ကွင်းသေချာမြင်ရစေဖို့ အလင်းပမာဏပေါ်မူတည်ပြီး မိတ်ဆွေရဲ့ မျက်ဝန်းအတွင်းမှာရှိတဲ့ သူငယ်အိမ်ကို ကျဉ်းစေ/ကျယ်စေခြင်းဖြစ် ပါတယ်။ ဓါတ်ပုံအရာမှာတော့ မိတ်ဆွေရဲ့ ကင်မရာ မှန်ဘီလူး Lens ရဲ့ သူငယ်အိမ် ကို Aperture လို့ ခေါ်တာပဲ ဖြစ်ပါတယ်။

အဲဒီ Aperture လို့ခေါ်တဲ့ မှန်ဘီလူး Lens သူငယ်အိမ်ကို မိတ်ဆွေအနေနဲ့ လိုအပ်သလို ချုံ့နိုင်ချဲ့နိုင်ပါတယ်။ အဲလိုချုံ့ခြင်း ချဲ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ Aperture အကျဉ်းအကျယ်ပေါ်မူတည်ပြီး Depth of Field လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှုဧရိယာဖြစ်ပေါ်လာစေပါတယ်။ ရှေ့ကလူပုံက ထင်ရှားပြတ်သားပြီး နောက်ဖက် Background ကဝါးနေတဲ့ Portrait အလှပုံတွေကို ဒီ Aperture ကရရှိစေတာပါ။ Fore ground လို့ခေါ်တဲ့ ပုံရဲ့ အရှေ့ပိုင်း၊ တစ် နည်း အောက်ပိုင်း မှသည် Background လို့ခေါ်တဲ့ ပုံရဲ့အနောက်ပိုင်း၊ တစ်နည်း အပေါ်ပိုင်း အထိ မြင်ကွင်း အားလုံး ပြတ်သားစွာပေါ်လွင်ဖို့ကိုလဲ ဒီ Aperture ကပဲ လုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုကတော့ Aperture အကျဉ်း အကျယ်ပေါ်မူတည်ပြီး ပုံရိပ်ရဲ့ Exposure အလင်းအမှောင်ကိုလဲ ဖြစ်ပေါ်စေပါတယ်။ 


How Aperture Affects Exposure ( Aperture က Exposure အလင်းအမှောင်ကို ဘယ်လိုသက်ရောက်စေသလဲ)

Aperture ကျဉ်းခြင်းကျယ်ခြင်းက Exposure အလင်းအမှောင်ကို ဖြစ်စေတယ်လိုပြောခဲ့ပါတယ်။ Aperture ကြောင့် ဓါတ်ပုံတစ်ပုံအပေါ် အခြားသက်ရောက်မှူတွေလဲများစွာရှိပါတယ်။ နောက်ပိုင်းမှာ ဆက်လက် တင်ပြပါမယ်။  Aperture အကျယ်ကို သုံးမယ်ဆိုရင် အလင်းဝင်ပေါက်က ကျယ်နေတာမို့ ကင်မရာ Sensor စီကို အလင်းများများ ဝင်ပါမယ်။ ရလဒ်အနေနဲ့ အလင်းမျာတဲ့ပုံကိုရမှာပါ။ ထို့အတူပဲ Apertuer အကျဉ်း ကို သုံးမယ်ဆိုရင် အလင်းဝင်ပေါက်ကလဲကျဉ်းတာမို့ ကင်မရာ Sensor ဆီကို အလင်းနဲနဲပဲ ဝင်ပါမယ်။ရလဒ်အနေနဲ့ ကတော့ အလင်းနဲပြီး ပိုမှောင်တဲ့ပုံကိုရရှိစေမှာပါ။


ဒီသဘောတရားအရ အခြေခံအားဖြင့်ဆိုရင် အလင်းနဲတဲ့ ညဖက်တို့၊ အဆောက်အဦးအတွင်းမှာရိုက်တာမျိုးတို့ မှာ အလင်းဝင်ရောက်မှုများများရအောင် Aperture ကျယ်ကျယ်အသုံးပြုရမှာဖြစ်သလို၊ အလင်းရောင်များတဲ့ နေ့ခင်း ဖက်မျိူးမှာ Outdoor ရိုက်ကူးမယ်ဆိုရင်တော့ အလင်းရောင်းအားများနေတာမို့ Aperture အကျဉ်းကိုသုံးနိုင် ပါတယ်။


How Aperture Effects Depth of Field ( Aperture က ပုံရိပ်ပြတ်သားမှုဧရိယာကို ဘယ်လိုသက်ရောက်စေသလဲ)

Aperture ရဲ့နောက်ထပ်ထင်ရှားတဲ့သက်ရောက်မှုတစ်ခုကတော့ Dpeth of Field (DOF) လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှုဧရိယာပါ။ DOF ဆိုတာက ဓါတ်ပုံတစ်ပုံရဲ့Foreground လို့ခေါ်တဲ့ အရှေ့ပိုင်း နဲ့ Background လို့ခေါ်တဲ့ အနောက်ပိုင်း အတွင်းမှာ ပြတ်သားစွာပေါ်လွင်နေတဲ့ အစိတ်အပိုင်းကို ခေါ်တာပါ။ DOF အကြောင်းသီးသန့်Notes ရေးထားပါတယ်) အချို့ပုံတွေမှာပုံ ရဲ့ အရှေ့ပိုင်းလေးသာ၊ ဒါမှမဟုတ် ပုံရဲ့ အစိတ်အပိုင်း တစ်ခုသာပြတ်သားနေပြီး ကျန်ဧရိယာအားလုံး ဝါးနေတာကို တွေ့ဖူးမှာပါ။ အထူးအားဖြင့် မော်ဒယ်အလှဓါတ်ပုံတွေမှာတွေ့ရပါတယ်။ 










ထို့အတူပဲ တစ်ချို့ ဓါတ်ပုံတွေကြတော့ Foreground အရှေ့ပိုင်း မှသည် Background အနောက်ပိုင်းထိ ပုံတစ်ပုံလုံးကြည်လင်ပြတ်သားနေတာ တွေ့ရမှာပါ။ အထူးသဖြင့် Landscape လို့ခေါ်တဲ့ ရှုခင်းအလှပုံ တွေမှာတွေ့ရပါတယ်။



ဒီနေရာမှာ ယေဘုယျအားဖြင့် ပုံရဲ့ အရှေ့ပိုင်း ဒါမှမဟုတ် ပုံရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပြတ်သားစေတဲ့ ပုံမျိုးကို Aperture အကျယ် အသုံးပြုထားတာဖြစ်ပြီး၊ ပုံတစ်ခုလုံး ပြတ်သားနေတဲ့ပုံမျိုးမှာ Apertureအကျဉ်းကို အသုံးပြုထားတာဖြစ်ပါတယ်။ အဓိပါယ်က Aperture အကျယ်က ‘ Thin’ or ‘ Shallow’ DOF ပုံရိပ်ပြတ်သားမှု ဧရိယာကျဉ်းတာ တစ်နည်းပါး တာကိုဖြစ်ပေါ်စေပြီး၊ Aperture အကျဉ်းက ‘Large’ or ‘Deep’ DOF ပုံရိပ်ပြတ်သားမှု ဧရိယာကျယ်တာ တစ်နည်း များတာကိုဖြစ်ပေါ်စေပါတယ်။








ဒီနည်းနဲ့ Aperture ကျဉ်းခြင်း၊ ကျယ်ခြင်းက မိတ်ဆွေရဲ့ ပုံရိပ်အပေါ်မှာ အကျိူးသက်ရောက်ပါတယ်။


What are F-Stop and F-Number ( F-Stop နဲ့ F-Number ဆိုတာဘာလဲ )

Apertrure အကြောင်းတင်ပြခဲ့တဲ့နေရာမှာ ပုံမှန်စကားရပ်တွေဖြစ်တဲ့ ကျဉ်းတယ်၊ ကျယ်တယ်စသဖြင့် မိတ်ဆွေ တွေ့မြင်ခဲ့ရမှာပါ။ တကယ်တော့ Aperture ကို ဖေါ်ပြရာမှာ ‘ F ’ ဆိုတဲ့စာလုံးလေးနဲ့ တွဲဖက်ဖေါ်ပြလေ့ရှိပါတယ်။ မိတ်ဆွေ ရဲ့ ကင်မရာမှာလဲ “ F ” ဆိုတဲ့စာလုံးလေးနဲ့ တွဲဖက်ဖေါ်ပြထားတဲ့ ဂဏန်းလေးတွေကို သတိထားမိမှာပါ။ F/2.8, F/4, F/11, F/16 စသည်ဖြင့်ပေါ့။ တစ်ချို့ကင်မရာတွေမှာတော့  ‘ / ‘ မခံထားပဲ F2.8,F4,F11,f16 စသည်ဖြင့်ဖေါ်ပြတာတွေ့ရပါတယ်။ ဒါကို F-Stop (သို့) F-Number လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Aperture ရဲ့ တန်ဖိုးတွေ ပါ။ဒီနေရာမှာ သတိထားရမှာက ‘ F ’ နံပါတ်ကြီးလေလေ Aperture ကျဉ်းလေ ဖြစ်ပြီး၊ ‘F’ နံပါတ် ငယ်လေ Aperture ကျယ်လေဆိုတာကိုပါ။ အဓိပါယ်က Aperture F/2.8 က Aperture F/8 ထက် ပိုကျယ်ပါတယ်။ 


 





(ဘာကြောင့် F-Stop သို့ F-Number လို့ ခေါ်ပြီး ‘ F ’ နံပါတ် ကြီးတာကAperture ကျဉ်းပြီး ‘ F ’နဲပါတ် သေး တာက Aperture ကျယ်ရတာလဲ၊ စတဲ့ အကြောင်း အသေးစိတ်ကိုF-Stop ဆိုတဲ့ Notes မှာ ဖေါ်ပြထားပါတယ်)


How to Pick the Right Aperture ( သင့်တော်မယ့် Aperture ကိုဘယ်လိုရွေးချယ်မလဲ)

Aperture လို့ခေါ်တဲ့ F-Stop အကြောင်း အတော်အတန် လေ့လာခဲ့ပြီးပါပြီ။ ဒီတော့ မိတ်ဆွေ ဓါတ်ပုံ တစ်ပုံရိုက်ကူး တော့မယ်ဆိုပါစို့။ ဘယ် F-Stop ကိုထားမလဲဆိုတာ ပုံသေမရှိပါဘူး။ Aperture ရဲ့ အဓိကသက်ရောက်မှု(၂)ခု ဖြစ် တဲ့ Exposure နဲ့ DOF အကြောင်းကိုပြန်စဉ်းစားကြည့်ရအောင်။ Exposure ရဲ့ သက်ရောက်မှုအနေနဲ့ အလင်းနဲတဲ့ နေရာ (သို့) အချိန်မှာ ရိုက်မယ်ဆိုရင် Aperture အကျယ် ‘ F ’ ပါတ် အကြီးထားရမှာပါ။ DOF ဖက်ကပြန်ကြည့် မယ်ဆိုရင် Aperture အကျယ်မို့ DOF ကျဉ်းသွားမှာပါ။ တစ်ဖက်မှာ အလင်းရောင်အားကောင်းတဲ့ နေ့ခင်းဖက်မှာ Outdoor ရိုက်မယ်ဆိုပါစို့။ သိပြီးဖြစ်တဲ့အတိုင်း Aperture အကျဉ်း သုံးရတော့မှာပါ။ DOF အနေနဲ့ အကျယ်ကြီးဖြစ်တော့မှာပါ။ ဒီတော့မိတ်ဆွေအနေနဲပ မိတ်ဆွေ ရိုက်ကူးချင်တဲ့ ပုံ အမျိုးအစားပေါ်မူတည်ပြီး F-Stop ကိုရွေးချယ်ရတော့မှာပါ။ ဒီနေရာမှာ Exposure အလင်းအမှောင် အတွက် မိတ်ဆွေအနေနဲ့ Shutter Speed နဲ့ ISO လို့ ခေါ်တဲ့ Setting တွေကိုလဲ အသုံးချနိုင်သေးတယ်ဆိုတာ သတိရဖို လိုပါမယ်။









Setting Aperture in your Camera ( ကင်မရာမှာ Aperture သတ်မှတ်ခြင်း)

မိတ်ဆွေအနေနဲပ မိတ်ဆွေလိုချင်တဲ့ Aperture ကို ကင်မရာမှာ သတ်မှတ်ချင်တဲ့အခါမှာ လုပ်လိုရတဲ့နည်း (၂) ခုရှိ ပါတယ်။ တစ်ခုတော့ မိတ်ဆွေအနေနဲ့ ကင်မရာကို Aperture Priority Mode မှာထားပြီး လုပ်ဆောက်နိုင်သလို Manual Mode မှာထားပြီးတော့လဲ မိမိလိုသလို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ Aperture Priority Mode မှာ ထားမယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ Aperture ကို မိမလိုသလိုထားပြီးရင် ကင်မရာက ကျန်တာကို အလိုအလျောက်ချိန်ညှိပေးမှာဖြစ်ပါတယ်။ Manual Mode မှာထားရင်တော့ အားလုံးကို မိတ်ဆွေအနေနဲ့ မိမိလိုသလို ချိန်ညှိ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ( ကင်မရာ Modes တွေအကြောင်း သီးသန့် Notes ရေးထားပါတယ်)


Minimum and Maximum Aperture of Lens ( မှန်ဘီလူးတစ်ခုရှိ အကျယ်ဆုံးနှင့် အကျဉ်းဆုံး Aperture)

Lens တစ်ခုခြင်းမှာ တစ်ခုခြင်းစီအပေါ်မူတည်ပြီး အကျယ်ဆုံး Aperture  နဲ့ အကျဉ်းဆုံး Aperture တွေပါဝင်ပါတယ်။ Lens ပေါ်မှာ သူ့ရဲ့ အကျဉ်းဆုံး Aperture နဲ့ အကျယ်ဆုံး Aperture နံပါတ်တွေကို ရေးသား ဖေါ်ပြထားပါတယ်။ တကယ်တမ်းမှာ Aperture အကျယ်ဆုံးရဖို့က ပိုအရေးကြီးပါတယ်။ ဒါမှသာလျှင် အလင်း ဝင်ရောက်မှုပိုမိုရနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက အလင်းရောင် ဘယ်လောက်အားနဲတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လို ပုံမျိုးကိုရိုက်ကူးနိုင်တယ်ဆိုတာကို သူကဆုံးဖြတ်ပေးလို့ပါ။ ဥပမာ F/1.4 , F/1.8 စတဲ့ Aperture က F/4 Aperture ထက် အလင်းကိုပိုများများလက်ခံနိုင်ပါတယ်။ ဒါကြောင့်လဲ Aperture ပိုကျယ်ကျယ်ရတဲ့ Lens တွေက ပိုစျေးကြီးရခြင်းဖြစ်ပါတယ်။ ခုခောတ်Lens တော်တော်များများမှာ Aperture အကျဉ်းဆုံးအနေနဲ့ F/16 လောက်အထိပါတတ်တာမို့ Aperture အကျဉ်းဆုံးအတွက်တော့ သိပ်စိတ်ပူစရာမရှိပါဘူး။ Zoom Lens လို့ခေါ်တဲ့ Focal Length အနဲ အများပါတဲ့ တစ်ချို့ Lens တွေမှာ( ဥပမာ Nikon 18-55 mm f3.5-5.6 Lens) Aperture တန်ဖိုးဟာ Focal Length ပြောင်းလိုက်တာနဲ့အမျှ Aperture ကလဲ ပုံသေဖြစ်မနေပဲ လိုက်ပြောင်းနေတာ တွေ့ရမှာပါ။ ဆိုလိုတာက Focal Length 18mm မှာ Aperture ကို F/3.5 ထားထားပေမယ့်လဲ၊ Focal Length ကို 55mm ပြောင်းလဲလိုက်တဲ့အခါမှာ Aperture ကလဲ F/3.5 မှာ မနေတော့ပဲ F/5.6 ကိုလိုက် ပြောင်း သွား ပါတယ်။ ဒါပေမယ့် အဲလိုလိုက်မပြောင်းပဲ ကိုယ်ထားထားတဲ့ Aperture အတိုင်း ပုံသေရှိနေတဲ့ Lens တွေလဲရှိပါတယ်။ Nikon 24-70mm f2.8 Lens လို Pro Lens တွေမှာပေါ့။  ဒါကလဲ Pro Lens တွေ စျေးကြီးရခြင်းအကြောင်း တစ်ခုပါ။ Prime Lens လို့ခေါ်တဲ့ Focal Length တစ်ခုတည်းသာ ရှိတဲ့ Lens တွေမှာ  Zoom Lens တွေထက် Aperture ပိုကျယ်ကျယ်ပါလေ့ရှိပြီး ဒါကိုက သူရဲ့အဓိက အားသာချက်တစ်ခုဖြစ်ပါတယ်။


Everything Aperture Does to your Photo ( ဓါတ်ပုံတစ်ပုံအပေါ် Aperture ရဲ့ သက်ရောက်မှုများ)

Aperture အနေနဲ့ ဓါတ်ပုံတစ်ပုံအပေါ် အဓိကသက်ရောက်မှုတွေဖြစ်တဲ့ Exposure နဲ့ DOF တို့ အကြာင်း ကိုဖေါ်ပြထားပြီးဖြစ်ပေမယ့် ဓါတ်ပုံဆရာတွေရဲ့ အသုံးပြုရတဲ့အကြောင်း တစ်ချို့လဲရှိပါသေးတယ်။ Portrait ဓါတ်ပုံဆရာတွေက Aperture အကျေယ်တွေဖြစ်တဲ့ F/1.4လို F/2.8 လို Aperture တွေကို သုံးကျတာ များ ပါတယ်။ အကြောင်းကတော့ ကိုယ်လိုချင်တဲ့ Subject ကို ပြတ်သားစွာပေါ်လွင်စေပြီး ကျန် Backround ကို ဝေဝါးသွားစေတာမို့ မြင်ရသူအဖို့  Subject ကပိုပြီး ရုပ်လုံး ကြွလာစေလို့ ဖြစ်ပါတယ်။






ဒါပေမယ့်ပုံတိုင်းတော့လဲ ဒါမျိုးမလိုပြန်ပါဘူး။ ဥပမာ Landscape ဓါတ်ပုံဆရာတွေဆိုရင် သူတို့ရဲ့ပုံရိပ်တစ်ခုလုံး ထင်းရှားပြတ်သားစွာ ပေါ်လွင်စေမယ့် F/8 , F/11 တို့လို Aperture အကျဉ်းတွေကိုပို လိုချင်ကျပါတယ်။ သူတို့ ရည်မှန်းချက်ကိုက ပုံတစ်ခုလုံး ပြတ်သားဖို့ပဲ ဖြစ်လို့ပါ။









ဒီအပြင်ကော အခြားသက်ရောက်မှုဘာတွေ ရှိသေးလဲ ဆက်လက်လေ့လာကြည့်ရအောင်။


The Negative Effect of Diffraction ( Diffraction လို့ခေါ်တဲ့ အလင်းရောင်စဉ်တန်းကွဲခြင်းရဲ့ ဆန့်ကျင်ဖက် ရလဒ်)

မိတ်ဆွေဟာ Landscspe ဓါတ်ပုံ ဝါသနာရှင်တစ်ယောက်ဖြစ်ပြီး မိတ်ဆွေရဲ့ပုံမှာ အရာအားလုံး ပြတ်သားနေ စေချင်တယ်ဆိုပါစို့။ ဒါဆို F/22 , F/32 တို့လို  Aperture အကျဉ်းဆုံးတွေ အသုံးပြုရမှာပေါ့။ မဟုတ်ပါဘူး။ ဒီနေရာမှာ သိထားစရာတစ်ချို့ရှိပါတယ်။


ဒီပုံ(၂)ပုံကိုလေ့လာကြည့်ရအောင်။ တစ်ပုံက F/4 နဲ့ရိုက်ထားပြီး တစ်ပုံက F/32 နဲ့ရိုက်ထားပါတယ်။ (၂) ပုံလုံးကို ၁၀၀% Crop လုပ်ထားပါတယ်။ ဒီပုံ (၂)ပုံကို သေချာစွာကြည့်မယ်ဆိုရင် ပြတ်သားမှု သိသိသာသာကွာနေတာကို တွေ့ရမှာပါ။ ဒါကDiffraction လို့ခေါ်တဲ့ အလင်းရောင်စဉ်တန်းကွဲခြင်း ကြောင့်ဖြစ်တာပါ။ ရူပဗေဒ သဘော တရားတွေမို့ ရူပဗေဒ ဘာသာ အထူးပြုသမားတွေဆို ပိုနားလည်ပါလိမ့်မယ်။ Diffraction လို့ခေါ်တဲ့ အလင်းရောင်စဉ်တန်းကွဲခြင်း ရဲ့သဘောတရားကဒီလိုပါ။ မိတ်ဆွေအနေနဲ့ F32 လို အရမ်းကျဉ်းတဲ့ Aperture ကိုအသုံးပြုတဲ့အခါ ကင်မရာ ထဲကို ဝင်ရောက်လာမယ့်အလင်းကို အရမ်းချုပ်လိုက်သလိုဖြစ်ပါတယ်။ အပေါက် ကျဉ်းလေးကနေ အတင်းတိုးထွက်လာတဲ့ အလင်းတန်းတွေဟာ အချင်းချင်း အနှောက်အယှက်ဖြစ်စေပြီး ဝေဝါးတဲ့ အလင်းရောင်စဉ်တန်းတွေဖြစ်ပေါ်စေပါတယ်။ ရလဒ်အနေနဲ့ ပြတ်သားမှုနဲတဲ့ ပုံရိပ်ကိုဖြစ်စေပါတယ်။ ဒီ Diffraction လို့ခေါ်တဲ့ အလင်းရောင်စဉ်တန်းကွဲခြင်း  ဟာဘယ်အချိန်မှာစတင် တွေ့ရသလဲ ဆိုတာကတော့ မိတ်ဆွေ သုံးနေတဲ့ ကင်မရာရဲ့ Sensor Size , မိတ်ဆွေ Print ထုတ်မယ့် ဓါတ်ပုံအရွယ်အစား စတဲ့အချက် တွေအပါအဝင် အခြားအချက်တစ်ချို့ပေါ်လဲမူတည်ပါသေးတယ်။ Full Frame Camera တွေမှာ Aperture F/8 ကျော်လာပြီး Print ထုတ်မယ့် Size ကလဲကြီးမယ်ဆိုရင် Diffraction ကို အနည်းငယ်မသိမသာ စတင်တွေ့ရှိရ တတ်ပါတယ်။ ဒီလိုပြောလို F/11, တို့ F16 တို့လို Aperture  အကျဉ်းတွေ သုံးဖို့ တွန့်ဆုတ်နေစရာတော့ မရှိပါဘူး။ မိတ်ဆွေရဲ့ ကင်မရာပေါ်မူ တည်ပြီး F/22 တို့လို သိပ်ကျဉ်းတဲ့ Aperture ကို သုံးမယ်ဆိုရင်တော့ သတိထားသင့်ပါ တယ်။ Diffraction ဟာ သိပ်ကြီးမားတဲ့ပြသနာတော့ မဟုတ်ပေမယ့် သတိမထားမိရင် သက်ရောက်မှုက ရှိတော့ ရှိနေတာပါပဲ။ F/11, တို့ F16 တို့လို Aperture  အကျဉ်းတွေ သုံးပြီးရိုက်ကူးရာမှာ Diffraction အနည်းငယ် ရှိတတ်တယ်ဆိုပေမယ့်လဲ DOF လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှု ဧရိယာကို မိမိလိုသလို သတ်မှတ်ပေးခြင်း အားဖြင့်လဲ ပုံရိပ်ပြတ်သားမှုကို ထိန်းညှိနိုင်သေးတာမို့ F/11, တို့ F16 တို့လို Aperture  အကျဉ်းတွေရဲ့ အခြား အားသာချက် တွေအရ မိတ်ဆွေအနေနဲ့ ရဲတင်းစွာသုံးနိုင်ပါတယ်။ (DOF Depthof Field ပုံရိပ်ပြတ်သားမှု ဧရိယာ အကြောင်း သီးသန့် Notes ရေးထားပါတယ်) ဒါပေမယ့် မိတ်ဆွေ အသုံးပြုတဲ့ ကင်မရာ / တစ်နည်း ကင်မရာSensor အပေါ် မူတည်ပြီး Aperture တန်ဖိုးတွေ မတူညီတာကိုလဲ သိထားရပါမယ်။ ဆိုလိုတာက Full Frame ကင်မရာ၊ Crop Frame ကင်မရာ၊ Micro Four-Thirds ကင်မရာ တွေရဲ့ Sensor Size တွေဟာ တစ်ခုနဲ့ တစ်ခုမတူပါဘူး။ Sensor Size မတူသလို Focal Length တန်ဖိုး Aperture တန်ဖိုးတွေလဲမတူညီနေပါဘူး။ ဥပမာ Micro Four-Thirds ကင်မရာ မှာ Aperture F/1.8 နဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံရဲ့ ပုံထွက်ရလဒ်က Full Frame ကင်မရာမှာ F/3.6 နဲ့ ရိုက် ထားတဲ့ ရလဒ်နဲ့တူနေမှာဖြစ်ပြီး (1.8 x 2 ) ၊  Crop Frame ကင်မရာမှာ F/2.7 နဲ့ သွားတူနေမှာဖြစ်ပါတယ် ( 1.8 x 1.5 ) (Full Frame, Crop Frame, Micro Four-Thirds ကင်မရာ နဲ့ Sensor Size တွေအကြောင်း သီးသန့် Notes ရေးထားပါတယ်။) ဒါကြောင့် Micro Four-Thirds ကင်မရာ မှာ F/11 နဲ့ ရိုက်တဲ့ ရလဒ်ဟာ Full Frame ကင်မရာ ရဲ့ F/22 ရလဒ်နဲ့ သွားတူနေမှာဖြစ်ကြောင်း သတိထားဖို့ လိုပါတယ်။


How Lens Aberrations Hurts Sharpness ( Lens Aberration လို့ခေါ်တဲ့ မှန်ဘီလူး Lens ဖောက်လွဲ ဖောက်ပြန်ဖြစ်မှု က ပုံရိပ်ပြတ်သားမှုကိုဘယ်လိုထိခိုက်စေသလဲ)

ပြတ်သားတဲ့ ပုံတစ်ပုံဖြစ်စေဖို့ အကြောင်းတစ်ချက်အနေနဲ့ Lens Aberration လို့ခေါ်တဲ့ မှန်ဘီလူး Lens ဖောက်လွဲ ဖောက်ပြန်ဖြစ်မှုကို အတတ်နိုင်ဆုံးလျော့ချဖို့လိုအပ်ပါတယ်။ ဒါဆိုရင် Lens Aberration လို့ခေါ်တဲ့ မှန်ဘီလူး Lens ဖောက်လွဲ ဖောက်ပြန်ဖြစ်မူဆိုတာဘာလဲ သိထားဖို့လိုပါမယ်။ Lens Aberration လို့ခေါ်တဲ့ မှန်ဘီလူး Lens ဖောက်လွဲ ဖောက်ပြန်ဖြစ်မှုဆိုတာ အလွယ်ပြောရရင်တော့ဓါတ်ပုံတစ်ပုံမှာ Lens ကြောင့် ဖြစ် ပေါ်လာတဲ့ ပုံရိပ်အရည်အသွေးပြသနာပါ။ဓါတ်ပုံတစ်ပုံမှာ ပြသနာအများစုက အသုံးပြုသူကြောင့် ဖြစ်တတ်ပေမယ့်၊ သုံးစွဲတဲ့ Equipment တွေကြောင့်လဲဖြစ်တတ်ပါတယ်။ Lens Aberration ဆိုတာကလဲ Equipment တစ်ခုဖြစ်တဲ့ Lens ကြောင့်ပဲ ဖြစ် ရတာပါ။


ဒီပုံမှာ ကြည့်မယ်ဆိုရင် မူရင်းပုံမှာ ပြတ်သားနေတယ်လို့ထင်ရပေမယ့် ပုံရဲ့ ထောင့် အစွန်ဖက်ကို နီးကပ် Crop ကြည့်တဲ့အခါ ဝေဝါးနေတာကို တွေ့မြင်နိုင်ပါတယ်။ မီးရောင်က အပြင်မှာ အဲလို မဝါးနေတတ်ပါဘူး။ ဒါက Lens Aberration ကြောင့်ဖြစ်တာပါ။  Lens Aberration ဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ မိတ်ဆွေ Lens ရဲ့ Aperture တစ်ခုခုမှာ ဝါးလာတာမျိုး ဖြစ်နိုင်သလို၊ မိတ်ဆွေရဲ့ ပုံထောင့်ပိုင်းတွေမှာ ဝါးနေတာမျိုးလဲဖြစ်နိုင် ပါ တယ်။ Aberration ဖြစ်နိုင်ချေတွေပြောမယ်ဆို အများကြီးရှိပါတယ်။ ဒီဟာတွေအစား ဘာကြောင့် Aberration ဆိုတာ ဖြစ်ရတယ်။ မိတ်ဆွေ Lens ရဲ့ ဘယ် Aperture က မိတ်ဆွေ Lens ရဲ့ Aberration ကို လျော့ချစေနိုင်တယ် ဆိုတာ လေ့လာ ကြည့်ရအောင်။  Lens Aberration အကြောင်း ပြောမယ်ဆိုရင် Lens တစ်ခုရဲ့ ထုတ်လုပ် ထားပုံ အခြေခံ ဒီဇိုင်း ကစပြောသင့်ပါတယ်။ Lens တစ်ခုရဲ့ တည်ဆောက်ပုံတွေ တစ်စိတ်ရှုပ်ထွေးလှတယ်ဆိုတာ ပြောစရာမလိုပါဘူး။ ထုတ်လုပ်သူတွေအနေနဲ့ တစ်ခုကောင်းအောင် စဉ်းစားရင် တစ်ခုမှာ အားနဲချက် အနည်းငယ်တော့ပါတတ်စမြဲဖြစ်ပါတယ်။ ပုံတစ်ပုံရဲ့ အလည်ပိုင်းကို ကောင်းအောင်လုပ်ဖို့ ကလွယ်ကူပေမယ့် အစွန်ပိုင်း (ထောင့်ပိုင်း) တွေမှာ အနာအစာ ကင်းအောင်လုပ်ဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆို တော့ Lens တစ်ခုရဲ့ ထောင့် ပိုင်းကို ဒီဇိုင်း လုပ်ဖို့ ခက်လို့ပါ။


Aperture အကြောင်း လူတွေသတိမထားမိတဲ့ အချက်တစ်ချက်ရှိပါတယ်။ Lens တစ်ခုရဲ့ ထောင့်စွန်းပိုင်းတွေက လာတဲ့ အလင်းကို သူက ပိတ်ထားတတ်တယ်ဆိုတာပါ။ ဒီလိုဆိုတော့ မိတ်ဆွေရဲ့ ဓါတ်ပုံမှာ ထောင့်ပိုင်းတွေ မှောင်ကုန်မယ်လို့ မဆိုလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ Lens ရဲ့ အလည်ပိုင်းဟာ အလင်းရောင်တွေကို ကင်မရာ Sensor ရဲ့ထောင့် ပိုင်း ကိုလဲ ဆက်လက်ပေးပို့နေလို့ဖြစ်ပါတယ်။ Aperture ကျဉ်းလိုက်တဲ့အခါမှာ Lens ရဲ့ ထောင့်ပိုင်းက အလင်းဟာ ပိတ်ပင်ခံရပါတယ်။ အလည်ဧရိယာ တစ်ခုတည်းက အလင်းရောင်ကသာ ဖြတ်သန်း ဝင်ရောက်လာပြီး ပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။ ပုံမှာ ဖေါ်ပြထားတဲ့အတိုင်း Lens ရဲ့ အလည်ပိုင်းက ဒီဇိုင်းလုပ်ရတာ ထုတ်လုပ်သူတွေအတွက်ပိုလွယ်ကူပါတယ်။ အကျိုးရလဒ်အနေနဲ့က Aperture ကျဉ်းလာတာနဲ့အမျှ မိတ်ဆွေရဲ့ ပုံမှာ Lens Aberration လို့ခေါ်တဲ့ မှန်ဘီလူး Lens ဖောက်လွဲ ဖောက်ပြန်ဖြစ်မူနဲ လာပါတော့တယ်။


Crop အရမ်းလုပ်ထားတဲ့ ဒီပုံကိုလေ့လာကြည့်ပါ။ Aperture ကျဉ်းလာတာနဲ့အမျှ Lens Aberration နဲလာတာကို တွေ့မြင်နိုင်ပါတယ်။ ဆိုလိုတာက F/1.4 နဲ့ ရိုက်ထားတဲ့ပုံထက် F/5.6 နဲ့ ရိုက်ထားတဲ့ပုံက သိသိသာသာ ပြတ် သား ပြီး Lens Aberration နဲတာကိုတွေ့ရမှာပါ။ ဒီနေရာမှာ စဉ်းစားစရာရှိလာပါပြီ။ Aperture ကျဉ်းတိုင်း ပိုကောင်းတာလားဆိုတာပါ။ အထက်မှာ ဖေါ်ပြထားခဲ့ ပြီးသလိုပဲ ကင်မရာပေါ်မူတည်ပြီး  Aperture ကျဉ်းလွန်း ပြန်တော့လဲ Diffraction လို့ခေါ်တဲ့ အလင်းရောင်စဉ်တန်းကွဲခြင်း ကြောင့် ပုံရိပ်ပြတ်သားမှုကို ထိခိုက်ပြန်ပါ တယ်။ ဒါဆိုဘယ်လိုလုပ်မလဲ။ ဟုတ်ပါတယ်။ ဒါကြောင့်လဲ Lens ရွေးချယ်မှုတွေက အရေးကြီးလာရခြင်း အကြောင်း ဖြစ်ပါတယ်။ ကိုယ်ရိုက်ကူးမယ့် ပုံပေါ်မူတည်ပြီး Aperture အမျိူးမျိူးကို လိုသလိုအသုံးပြုနိုင်ဖို့ ကတော့ Lens Aberration နဲတဲ့ Pro Lens တွေကို သုံးရမှာဖြစ်ပါတယ်။ ဒီအချက်တွေကပဲ နာမည်ကြီး Pro Lens တွေကို ထင်ရှားကျော်ကြားစေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ Pro Lens တွေဟာ အင်မတန် စျေးကြီးပါတယ်။ နောက်တစ်ခုမိတ်ဆွေ လုပ်သင့်တာက ကိုယ့် ရဲ့ Lens ဟာ ဘယ် Aperture မှာ ပုံရိပ်အပြတ်သားဆုံး ဖြစ်တယ်ဆိုတာ ကို စမ်းသပ် လေ့လာထားပြီး လိုအပ်သလိုအသုံးချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Lens တိုင်းမှာ Sweet Point လို့ ခေါ်တဲ့ သူရဲ့ အပြတ်သားဆုံး ပုံရိပ်ကို ဖန်တီးပေးနိုင်တဲ့ Aperture လေးတွေ ရှိပါတယ်။ Lens တစ်ခုနဲ့တစ်ခု မတူညီပေမယ့် Lens အများစုမှာ F/4,F/5.6,F/8 ဝန်းကျင် ဟာ အပြတ်သားဆုံး ပုံရိပ်တွေကို ပေးတတ်ပါတယ်။


Starburst and Sunstar  Effects ( ကြယ်ပုံစံ အလင်းတန်း သက်ရောက်မှု)

Starburst ဒါမှမဟုတ် Sunstar လို့ခေါ်တဲ့ ကြယ်ပုံစံ တောက်ပတဲ့ အလန်းတန်း တွေပါတဲ့ လှပတဲ့ ဓါတ်ပုံ တွေတွေ့ဖူး မှာ ပါ။အထူးသဖြင့် Landscape ဓါတ်ပုံတွေမှာပေါ့။ အဲဒါ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတော့ မိတ်ဆွေ ကင်မရာ Lens မှာပါတဲ့ Aperture Blade လို့ခေါ်တဲ့ Aperture အကျဉ်း အကျယ်ကို ဖြစ်ပေါ်စေတဲ့ Blead တွေက ဒီအလန်းတန်းတွေကို ဖြစ်ပေါ်စေတာပါ။ အမြဲတန်းဖြစ်ပေါ်နေတာတော့မဟုတ်ပါဘူး။ တောက်ပ ပြီးသေးငယ်တဲ့ ပမာဏသာပေါ်လွင်နေတဲ့ အလင်းရောင်မျိုး၊ ဥပမာ အစိတ်အပိုင်းတစ်ချို့က တစ်စုံတစ်ခုနဲ့ ပိတ် နေပြီး သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုသာ ပေါ်နေတဲ့ နေလုံး လို အရာမျိူးကို ဓါတ်ပုံရိုက်တဲ့အခါမျိုး မှသာ Sunstar ကပေါ်ပါတယ်။  


 

ပိုမိုပြတ်သားထင်ရှားတဲ့ Sunster မျိုးပိုရချင်တယ်ဆိုရင်တော့ Aperture အကျဉ်း တွေကို သုံးပေးရမှာဖြစ်ပါ တယ်။ ဒီ Starburst ဒါမှမဟုတ် Sunstar သက်ရောက်မှုဟာ Lens တစ်ခုနဲ့ တစ်ခု ပေါ်မူတည်ပြီးကွဲပြားပါတယ်။ Lens မှာပါတဲ့ Aperture Blade ပေါ်မှာ မူတည်ပြီးကွဲ ပြားတာပါ။ Lens တွေမှာ အမျိုးအစားပေါ်မူတည်ပြီး Aperture Blade အရေအတွက်မတူပါဘူး။ အခြေခံအားဖြင့် Lens Blade အရေအတွက်ပေါ်မူတည်ပြီး Sunstar ဖြစ်ပေါ်ပါတယ်။ မိတ်ဆွေရဲ့ Apertuer Blade အရေအတွက်က စုံဂဏန်းဖြစ်မယ်ဆိုရင် Starburst ဒါမှမဟုတ် Sunstar မှာ ပါဝင်မယ့်အလန်းတန်းအရေအတွက်က Aperture Blade အရေအတွက်အတိုင်း ထွက်မှာဖြစ်ပြီး မိတ်ဆွေရဲ့ Apertuer Blade အရေအတွက်က မ ဂဏန်းဖြစ်မယ်ဆိုရင် ပါဝင်မယ့်အလန်းတန်းအရေအတွက်က Aperture Blade အရေအတွက်ရဲ့ နှစ်ဆဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက Aperture Blade အရေအတွက် (၈) ခုပါတဲ့ Lens က အလန်းတန်း အရေအတွက် (၈) ခုထွက်မှာဖြစ်ပြီး၊ Aperture Blade အရေအတွက် ( ၇ ) ခု ပါတဲ့ Lens က အလန်းတန်း အရေအတွက် (၁၄) ခုထွက်မှာ ဖြစ်ပါတယ်။ Aperture Blade အရေအတွက် ( ၉ ) ခု ပါခဲ့ရင် တော့ အလန်းတန်း အရေအတွက် (၁၈) ခုထွက်မှာ ဖြစ်ပါတယ်။ နဲနဲ ထူးဆန်းသလိုဖြစ်နေပေမယ့် သဘော တရားက ရိုးရှင်းပါတယ်။  Apertuer Blade အရေအတွက်  စုံဂဏန်းပါဝင်တဲ့ Lens တွေမှာ အလင်းတန်း ရဲ့ ထက်ဝက်ဟာ အခြားထက်ဝက်ပေါ်ကို ထပ်တူကြသွားလို့ပါ။ ရလဒ်အနေနဲ့ အဲဒီ ထက်ဝက်ဟာ နောက်ဆုံးပုံ ထွက်မှာ ပါမလာတော့ပါဘူး။ ပိုရှင်းသွားအောင် အောက်က သရုပ်ဖေါ်ပုံမှာ လေ့လာနိုင်ပါတယ်။


Starburst ဒါမှမဟုတ် Sunstar လို့ခေါ်တဲ့ ကြယ်ပုံစံ တောက်ပတဲ့ အလန်းတန်း လေးတွေပြတ်သားလှပဖို့ Aperture Blade အရေအတွက် တစ်ခုတည်းကပဲ အရေးပါတာမဟုတ်ပဲ သူရဲ့ ပုံပန်းသဏာန်ကလဲ အရေးကြီးပါ တယ်။ တစ်ချို့ Aperture Blade တွေက ဝိုင်းဝန်းပြီး တစ်ချို့က ဖြောင့်တန်းတဲ့ပုံ သဏာန်ရှိပါတယ်။ ဝိုင်းဝန်းတဲ့ ပုံသဏာန် Blade တွေကအများအားဖြင့် Sunstar ကိုဝါးစေပြီး ဖြောင့်တန်းတဲ့ ပုံသဏာန် Blade တွေကတော့ ပိုမိုပြတ်သားတဲ့ Sunstar ရလဒ်ကိုပေးစွမ်းနိုင်ပါတယ်။ အချို့သော Lens တွေက အချို့သော Lens တွေထက် ပိုကောင်းတာ အမှန်ပါ။ Starburst ဒါမှမဟုတ် Sunstar လို့ခေါ်တဲ့ ကြယ်ပုံစံ တောက်ပတဲ့ အလန်းတန်း ပုံရိပ်လှလှလေးတွေ ရချင်တယ်ဆိုရင်တော့ အထက်ဖေါ်ပြပါ အချက်တွေ အခြေခံပြီး Lens ကို ရွေးချယ် အသုံးပြုပြီး Aperture  အကျဉ်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။







ဒီလို နေလုံးပါဝင်တဲ့ ပုံမျိုးရိုက်ကူးတဲ့အခါမှာ မိတ်ဆွေရဲ့ ကင်မရာ မှန်ဘီလူး ကို နေရောင်ကတိုက်ရိုက်ထိတွေ့ တာမို့ မိတ်ဆွေရဲ့ပုံမှာ Lens Flare  လို့ခေါ်တဲ့ အလင်းရောင်အကွက်လေးတွေ ပါလာတတ်ပါတယ်။


 မိတ်ဆွေ သုံးတဲ့ Aperture ပေါ်မူတည်ပြီး Lens Flare  အကြီးအသေးကွဲပြားနိုင်ပါတယ်။ ဒီလို  Lens Flare  တွေမပါဝင် စေချင်ဘူးဆိုရင်တော့ မိတ်ဆွေရဲ့ Lens ကို တိုက်ရိုက်ထိမှန်လာတဲ့ အလင်းရောင်ကို တစ်ခုခုနဲ့ ကာပေးနိုင်သလို မိတ်ဆွေရဲ့ ပုံမှာပါနေတဲ့ နေလုံး နေရာကို တစ်ခုခုနဲ့ လိုအပ်သလို ကွယ်ပြီး ရိုက်နိုင်ပါတယ်။ ဒါမှမဟုတ်မိတ်ဆွေ ကိုယ်တိုင်ရဲ့ ရိုက်ကူးနေတဲ့ နေရာကို လိုအပ်သလို အနည်းငယ်ရွေ့ပြီး ရိုက်ကူးနိုင်ပါတယ်။ Lens Flare တွေပါတိုင်း အဆင်မပြေတာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဒီ Lens Flare တွေကပဲ နေရဲ့ အလင်းရောင် ဖြာကျမှုကို ပိုမို အသက်ဝင်စေပြီး ပိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပုံကိုဖန်တီးပေးနိုင်ပါတယ်။


Small Aperture and Unwanted Element ( Aperture အကျဉ်းနဲ့ မလိုလားအပ်သော အစက်ပျောက်များ)

f/11 and f/16 တို့လို Aperture အကျဉ်းတွေနဲ့ ရိုက်ကူးတဲ့အခါ  တစ်ခါတစ်လေမှာ မလိုလားအပ်တဲ့ သေးသေး ဖွဲဖွဲ အစက်အပြောက်လေးတွေဟာ မိတ်ဆွေရဲ့ ပုံမှာ ပေါ်လာတတ်ပါတယ်။ ဥပမာ မိတ်ဆွေ Lens မှာ ကပ်နေတဲ့ ရေမှုန်ရေစက် အမွှားလေးက Aperture အကျယ်နဲ့ ရိုက်ကူးရင် ပုံမှာ ပါလာမှာမဟုတ်ပေမယ့် Aperture အကျဉ်း နဲ့ ရိုက်ကူးရာမှာတော့ မိတ်ဆွေရဲ့ပုံမှာ သိသိသာသာပဲ ပါလာမှာဖြစ်ပါတယ်။ 


 ဒီလိုအခြေအနေမှာ မိတ်ဆွေအနေနဲ့ မှန်ဘီလူးမှာ ကပ်နေတဲ့ ရေမှုန် ကို သုတ်ပစ်ပြီး သန့်ရှင်းစေနိုင်ပေမယ့်၊ ရိုက်ကွင်းမှာကို ပါဝင်နေတဲ့ တစ်ချို့သော မလိုလားတဲ့ အစက်ပျောက်တွေကို ဖယ်ရှားဖို့ကတော့ မိတ်ဆွေအနေနဲ့ ခက်ပါလိမ့်မယ်။ 

နောက်တစ်ခုက Lens ပြောင်းလဲတပ်ဆင်တဲ့အခါ အခန့်မသင့်ရင် ကင်မရာ Sensor မှာအလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေ ကပ်တတ်ပါတယ်။  အဲဒီအမှုန်အမွှားလေးတွေက Aperture အကျယ်မှာ သိသာမှာမဟုတ်ပေမယ့် Aperture အကျဉ်းမှာတော့ သိသာတဲ့ အစက်အပြောက်တွေအဖြစ် ပုံမှာပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ကင်မရာ Sensor ကို မကြာခဏ Sensor Cleaning လုပ်ပေးရခြင်းဖြစ်ပါတယ်။



ဒီ အစက်အပြောက်လေးတွေကို ဘယ်ဓါတ်ပုံပြင်တဲ့ Software မှာမဆို အလွယ်တစ်ကူ ဖျောက်နိုင်ပေမယ့် သိပ်များလာရင်တော့ မိတ်ဆွေအတွက် စိတ်အနှောက်အယှက် ဖြစ်စရာဖြစ်လာမှာပါ။ ဒီသဘောတရားကိုသိထားခြင်းအားဖြင့် မိတ်ဆွေအနေနဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်လာခဲ့ရင် Aperture အကျယ်တွေကို လိုအပ်သလိုရွေးချယ် အသုံးပြုခြင်းအားဖြင့် မိတ်ဆွေရဲ့ ပုံမှာ မလိုလားအပ်တဲ့ အစက်အပျောက် တွေပါဝင်လာမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။


A Chart of Everything Aperture Does ( Aperture ရဲ့သက်ရောက်မှု ဇယား)

Aperture အကျဉ်း အကျယ်အပေါ်မူတည်ပြီး အခြေခံအားဖြင့်သက်ရောက်တတ်တဲ့ Aperture ရဲ့ သက်ရောက်မှုဇယားလေးကို ဖေါ်ပြထားပါတယ်။ ဒီသက်ရောက်မှုဇယားက Aperture အကြောင်း စတင်လေ့လာသူတွေအတွက် ပိုမိုနားလည်လွယ်အောင် တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဒီအတိုင်းအတိအကျ ကြီးဖြစ်ရမယ်လို့မဆိုလိုပါဘူး။











ဓါတ်ပုံ အရာမှာ Aperture အကြောင်းက စတင်လေ့လာသူတစ်ယောက်အနေနဲ့ အနည်းငယ် ရှုပ်ထွေးတဲ့ အကြောင်းအရာတွေဖြစ်မှာပါ။ အထက်မှာဖေါ်ပြခဲ့တဲ့ Aperture ရဲ့ သက်ရောက်ပုံအားလုံးကို ပြန်ကြည့်မယ်ဆို ရင် အားလုံးက တသမတ်ထဲ အမြဲတမ်းကြီး သက်ရောက်နေတယ်လို့ မဆိုလိုပါဘူး။ ရိုက်ကူးတဲ့သူရဲ့ အပေါ်မူတည်ပြီး Aperture ရဲ့ သက်ရောက်တတ်မှုသဘောတရားများကို နားလည်ထားဖို့ပဲဖြစ်ပါတယ်။ အဓိက ကတော့ မိတ်ဆွေအနေနဲ့ အလေ့အကျင့် ကောင်းကောင်းရှိဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေအနေနဲ့ ဒီနေ့ပဲ  အပြင်ထွက်ပြီး မိတ်ဆွေရဲ့ကင်မရာမှာ Aperture အမျိုးမျိုး နဲ့ စမ်းသပ်ရိုက်ကူးကြည့်ပြီး Aperture ရဲ့ သက် ရောက်မှုတွေကို ခံစားကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။

 

ယခု Note  သည် Nasim MansurovUnderstanding Aperture in Photography Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ  ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။

 

အားလုံးအဆင်ပြေကြပါစေ …..

Khin Maung Chin ( Kalaw )

No comments:

Post a Comment

Most View