HAPPY HOME PHOTOGRAPHY - NOTE ( 2 )
8 Types of Nature Light
သဘာ၀ အလင်းရောင် (၈) မျိုးအကြောင်း ။
အလင်းရောင်ဆိုတာ
ဓါတ်ပုံတစ်ပုံဖြစ်ပေါ်လာဖို့ မရှိမဖြစ် လိုအပ်တဲ့အရာပါ။ တစ်ကယ်လို့ အလင်းရောင်သာ လုံး၀မရှိဘူးဆို
ရင် ဓါတ်ပုံမဲမဲကြီးပဲရမှာပေါ့နော်။ ဒီတော့ဓါတ်ပုံသမားကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့
ပထမဦးဆုံးအချက်အနေနဲ့ အလင်းရောင်အကြောင်း ကောင်းကောင်းနားလည်ဖို့လိုပါမယ်။ အလင်းရောင်ဟာ
အကြောင်းတရားနှစ်ခုကနေလာနိုင်ပါတယ်။ သဘာ၀တရားကနေဖြစ်ဖြစ် လူတွေဖန်တီး ထားတဲ့ အရာတွေကနေဖြစ်ဖြစ်ပေါ့။
အခုလေ့လာမှာက သဘာ၀တရားကနေပေးထားတဲ့ အလင်းရောင်တွေအ ကြောင်းနဲ့ အဲဒီအလင်းရောင်တွေရဲ့
သက်ရောက်မှုကိုသေချာနားလည်ပြီး၊ အကောင်းဆုံးပုံရိပ်တွေကို ဘယ်လို ဖန်တီး ကြမယ်ဆိုတာပဲဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ သဘာ၀အလင်းရောင် အခြေအနေ (ဓါတ်ပုံသမားတွေ ကိုင်တွယ်ထိန်းချုပ်လို့မရတဲ့အရာ)
ကိုသေချာသုံးသပ်နိုင်မယ်ဆိုရင် မိတ်ဆွေဟာ ဘယ် Subject ကိုရိုက်ရမယ်၊ သို့မဟုတ် ဘယ်ပုံရိပ်ကို
ဘယ်လိုရိုက်သင့်တယ်ဆိုတာကို သေချာရွေးချယ်နိုင်မှာပါ။ ဘယ်လိုအလင်း ရောင်တွေ ကို ဘယ်လိုအချိန်တွေမှာ
သဘာ၀တရားကြီးက ပေးတတ်တယ်ဆိုတာကိုနားလည်လာပြန်တော့လဲ ကိုယ်ဘာကို ရိုက်ချင်တယ်ဆိုတာအပေါ်မူတည်ပြီး
ဘယ်အချိန်မှာ ဘယ်လိုရိုက်သင့်တယ်ဆိုတာကိုပါရွေးချယ်လို့ ရပြီပေါ့။ OK…ဒါဆိုရင် သဘာ၀တရားကြီးကပေးထားတဲ့
အလင်းရောင် (၈)မျိုးအကြောင်းနဲ့ မိတ်ဆွေရဲ့ ဓါတ်ပုံ အပေါ်မှာ သူတို့ကဘယ်လို အသက်ဝင်အောင်ဆောင်ရွက်ပေးတယ်ဆိုတာကို
လေ့လာကြည့်ရအောင်။
1.Back Light
မိတ်ဆွေရဲ့ရှေ့တည့်တည့်မှာ
Subject ရှိနေမယ်။ အဲဒီ Subject ရဲ့အနောက်ဖက်ကနေ နေရောင်ကထိုးနေမယ်။ မိတ်ဆွေက
Subject ကိုရော နေကိုပါမျက်နာမူထားမယ်ဆိုပါဆို့။ အဲဒီအလင်းရောင်မျိုးကို Back
Light လို့ခေါ် ပါတယ်။
အရိပ်မဲမဲပုံတွေကို အသားပေးရိုက်ကူးတဲ့ Silhouettes ( စိလဝက် လို့အသံထွက်ပါတယ်) ပုံရိပ်တွေကို Back Light ကဖန်တီးပေးနိုင်ပါတယ်။ ပြီးတော့လှပတဲ့ အလင်းတန်း Ray တွေကိုဖြစ်ပေါ်စေတဲ့ မီးခိုးငွေ့လို၊ ဖုန်မှုန့်လို လေထုထဲကသေးငယ်လွန်းတဲ့ အမှုန်အမွှားလေးတွေကို ဖမ်းယူနိုင်တာလဲ ဒီ Back Light ပါပဲ။ တကယ် လို့မိတ်ဆွေရဲ့ Subject ဟာ ပန်း၊ သစ်ရွက်၊ ရေတံခွန် စတာတွေလို အလင်းရောင်ထင်ဟပ်နိုင်တဲ့ အရာတွေဆို Back Light ဟာ မိတ်ဆွေရဲ့ Subject ကိုအတွင်းပိုင်းကျကျထိ ထင်ဟပ်ပေါ်လွင်စေမှာဖြစ်ပြီး၊ Subject ရဲ့ Colour ကိုလဲ အတိကျဆုံးနဲ့ အလှဆုံးဖြစ်အောင်ဖန်တီးပေးမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Background ဟာမှောင် နေမယ်ဆိုရင်တော့ အခုပြောတဲ့ဟာတွေက ပိုလို့တောင်အသက်ဝင်ဦးမယ်ဗျို့။ Back Light နဲ့ပါတ်သက်ပြီးသိ ထား သင့်တဲ့အချက် (၂) ချက်တော့ရှိပါတယ်။ အဲဒါတွေကတော့ …
၁။
Getting the Correct Exposure / Exposure ကိုမှန်ကန်တိကျအောင်ယူတတ်ဖို့ နဲ့
၂။
Lens Flare Dealing With / ကင်မရာမှန်ဘီလူးမှာ အလင်းဝင်ပြီး၊ ဓါတ်ပုံမှာမလိုလားအပ်တဲ့
အလင်းကွက် တွေဖြစ်ပေါ်လာတာကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ ပဲဖြစ်ပါတယ်။
Correct Exposure
အလင်းရောင်ကွာခြားချက်များလွန်းတဲ့
ပုံမျိုးမိတ်ဆွေရိုက်ကူးတော့မယ်ဆိုရင်၊ မိတ်ဆွေရဲ့ကင်မရာက မိတ်ဆွေမျက်လုံးနဲ့မြင်နေရတဲ့အတိုင်း
နှစ်ခုစလုံးကို Exposure အမှန်ပေးနိုင်မှာမဟုတ်ပါဘူး။ ( ကင်မရာ မှန်ဘီလူးက မျက်လုံးလောက်မကောင်းနိုင်ပါဘူး)
အလင်းရောင်အားများတဲ့အပိုင်း (ဥပမာ- မိုးကောင်ကင် ) သို့မဟုတ် အလင်းရောင်အားနဲတဲ့အပိုင်း
( ဥပမာ-မြေပြင်ရှုခင်း)၊ ဘယ်တစ်ခုကမိတ်ဆွေအတွက် ပိုအရေးပါသလဲ။ မိတ်ဆွေရဲ့ Subject က
အလင်းရောင်အားများတဲ့အပိုင်းမှာရှိနေတယ်ဆိုပါစို့။ ( ဥပမာ-နေ၊မိုးတိမ်လှလှလေးတွေ၊ ဆည်းဆာအရောင်တွေ
) ဒါဆိုရင်တော့ အလင်းရောင်အားနဲတဲ့အပိုင်းကို Silhouettes ဆန်ဆန်ပဲယူလိုက်ရအောင်။ တစ်ခါမိတ်ဆွေရဲ့
Subject ကအလင်းရောင်အားနဲတဲ့အပိုင်းမှာရှိနေတယ်ဆိုပါစို့။ (ဥပမာ-မြေပြင်ပေါ်က အရာတစ်ခုခု၊
ရှုခင်း ) ဒါဆိုရင်တော့ Subject ကို Exposure အမှန်ယူလိုက်ပြီး၊ အလင်းများတဲ့အပိုင်းက
Hight Light ကိုတော့ နင် ဖြူလိုကဖြူပါစေတော့ ဆိုပြီးလက်ခံရတော့မှာပါ။ ဒီလိုရိုက်ကူးရေးတွေမှာ
မိမိလိုချင်တဲ့ Exposure ကိုအမှန်ယူပြီး ကင်မရာမှာပါတဲ့ Exposure Lock ခလုတ်ကိုအသုံးပြုပြီး
ကိုယ်လိုချင်တဲ့အတိုင်း Exposure မပြောင်းတော့အောင် ရိုက်ကူးနိုင်ပါတယ်။ (မိတ်ဆွေအသုံးပြုတဲ့ ကင်မရာ Dynamic Rang အပေါ်မူတည်ပြီး ကင်မရာရဲ့
ဖမ်းယူနိုင်တဲ့ Exposure ကွာခြားချက် ပမဏ ကွာခြားနိုင်သလို၊ Exposure ပမာဏ ကွာခြားချက်တွေကို
လျှော့ချနိုင်ဖို့ Filter တွေဘာတွေ ခံပြီးရိုက်ကူးတာမျိုးလဲရှိပါတယ်။ အခုတော့
Exposure အကြောင်းအဓိကပြောနေတာမို့ ဒီအကြောင်းတွေ မဆွေးနွေးသေးဘူးနော်။ Dynamic
Range နဲ့ Filter တွေအကြောင်း သီးသန့် Notes ထပ်ရေးပါဦးမယ်)
Lens Flare
Back
Light နဲ့ဓါတ်ပုံရိုက်ကူးရာမှာ၊ များသောအားဖြင့် နေဖက်ကိုမျက်နာမူပြီးရိုက်ကူးရတာမို့၊
တစ်ချို့အခြေ အနေတွေမှာ Lens Flare လို့ခေါ်တဲ့ ဓတ်ပုံမှာ အလင်းအစက်အပျောက်တွေ ပေါ်လာတာမျိုးဖြစ်တတ်ပါတယ်။
2. Side Light
မိတ်ဆွေရဲ့ပုံမှာ
Subject စီကိုဆွဲခေါ်သွားမယ့်အရာတွေဟာ Texture လို့ခေါ်တဲ့ မျက်နှာပြင်အနေအထား အရေးအကြောင်းတွေ၊
ဒါမှမဟုတ် အရိပ်တွေ ဖြစ်နေမယ်ဆိုရင် Side Light ဟာ အကောင်းဆုံးအခြအနေပါပဲ။ Side
Light ဟာတစ်ဖက်မှာ မိတ်ဆွေရဲ့ Subject ကို အလင်းထိတွေ့တဲ့အခါ၊ အခြားတစ်ဖက်မှာ အရိပ်ကိုဖြစ်ပေါ်
စေပါတယ်။ Side Light ဟာ Landscape Photography အတွက် အကောင်းဆုံး အလင်းအမျိုးအစား ထဲမှာ
ပါဝင်ပါတယ်။
ဘာလိုလဲဆိုတော့ Side Light ကအလင်းနဲ့ အမှောင်ကြား Texture လို့ခေါ်တဲ့ မျက်နှာပြင် နေအထားအရေးအကြောင်းတွေနဲ့ အရိပ်တွေကို ပြေပြစ်လှပစွာဖြစ်ပေါ်စေနိုင်လို့ပါ။ များသောအားဖြင့် အကောင်းဆုံး Side Light တွေကိုဖြစ်ပေါ်စေနိုင်တဲ့အချိန်ဟာ နေ့တစ်နေ့ရဲ့ အစနဲ့ အဆုံးအချိန်တွေမှာဖြစ် ပါတယ်။ နေထွက်စနဲ့ နေဝင်ခါနီး အချိန်တွေပေါ့။ အလင်းနဲ့ အမှောင်ကြားမှာ မိတ်ဆွေပြချင်တဲ့ Subject နဲ့ Texture Shape တွေကို ညက်ညက်ညောညော၊ ပီပီပြင်ပြင် ပြဖိုဆိုရင် Side Light ကို အသုံးပြုတာအကောင်း ဆုံးပါပဲ။ မိတ်ဆွေဓါတ်ပုံထဲက အဓိကအရာဝန်းကျင်တွေစီက၊ အလင်းနဲ့အမှောင်ရဲ့အဆင့်ဆင့် သိသာစွာပြောင်း လဲသွားပုံဟာ၊ မိတ်ဆွေရဲ့ပုံကို ပိုမိုအသက်ဝင်ဆွဲဆောင်စေမှာပါ။
3. Front Light
နေကမိတ်ဆွေရဲ့အနောက်မှာရှိမယ်။
မိတ်ဆွေရဲ့ ရှေ့မှာရှိတဲ့ Subject ကိုနေအလင်းရောင်းကတိုက်ရိုက်ထိတွေ့ နေမယ်ဆိုရင် အဲဒီအလင်းရောင်မျိုးကို
Front Light လို့ခေါ်ပါတယ်။
ဓါတ်ပုံရိုက်တဲ့အခါလူတောတော်များများ ပြောလေ့ရှိတာက ဓါတ်ပုံရိုက်တဲ့သူကနေကို ကျောပေးထားပြီး မိမိ Subject ကိုနေရောင်တိုက်ရိုက်ထိတွေ့စေပြီး ရိုက်ကူးစေတာပါ။ ယေဘုယအားဖြင့်အဆင်သိပ်မပြေတဲ့နည်းလမ်းလို့ပြောချင်ပါတယ်။ Front Light ကိုအသုံးပြု ပြီးရိုက်ကူးတယ်ဆိုပါစို့။ Front Light ဟာTexture လို့ခေါ်တဲ့ မျက်နာပြင်အရေးအကြောင်းတွေ၊ အရိပ်တွေကိုမပီ ပြင်စေပဲ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တဲ့ Subject ကိုလဲ ကြည့်လို့ အဆင်မပြေတဲ့ ပုံရိပ်ဖြစ်ပေါ်စေပါတယ်။ လူတွေကိုဓါတ်ပုံရိုက်ကူးတဲ့အခါမှာ Front Light ကိုအသုံးပြုပြီး ရိုက်ကူးတယ်ဆိုပါတော့။ မိတ်ဆွေဓါတ်ပုံထဲကလူ တွေဟာ နေရောင်တိုက်ရိုက်ထိတွေ့မှုကြောင့် မျက်မှောင်ကုတ်နေတာ၊ အသားအရည် ဖြူဖွေးဖွေးဖြစ်နေတာတွေ ကိုတွေ့မြင်ရမှာပါ။ အဲဒီလူတွေဟာ ဓါတ်ပုံထဲမှာအသက်ကြီးပုံပိုပေါက်နေပြီး နောက်တစ်ခါ ဓါတ်ပုံရိုက်ချင်စိတ် တောင်ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့်လဲ Front Light နဲ့ တကယ်အသက်ဝင်တဲ့ပုံတွေ ဖန်တီးနိုင်တဲ့နေရာ တွေလဲရှိနေပြန်ပါတယ်။ Front Light တိကျပြတ်သားတဲ့ အနားစွန်းနဲ့၊ အရိပ်တွေကိုဖြစ်ပေါ်စေပါတယ်။ ဒီအခြေ အနေကိုမိတ်ဆွေအမြဲလိုအပ်မှာတော့မဟုတ်ပါဘူး။ ဓါတ်ပုံတစ်ပုံရဲ့အရှေ့ပိုင်း၊ တစ်နည်း အောက်ပိုင်းတွေမှာ အရိပ်တွေပါဝင်နေပြီး၊ အနောက်ပိုင်း၊ တစ်နည်း၊ အထက်ပိုင်းတွေမှာ ကိုယ်ပြချင်တဲ့ Subject ကို ထင်ရှားစွာပြ ချင်တဲ့အခါမှိုးမှာတော့၊ မိတ်ဆွေဟာ Front Light ကို မဖြစ်မနေသုံးရမှာပါ။ မိတ်ဆွေရိုက်ကူးမယ့်မြင်ကွင်းမှာ ခပ်ပြင်းပြင်းအရောင်တွေပါဝင်နေမယ်ဆိုရင်လဲ Front Light ဟာ အကောင်းဆုံး ပါပဲ။ ဥပမာ မြို့ပြပုံရိပ်တွေ ကိုပုံဖေါ်ဖို့ဆိုရင် နေဝင်ချိန်ဟာ Front Light ကိုအသုံးပြုဖို့ အကောင်းဆုံးအချိန်ပါပဲ။ လှပတဲ့ အရောင်အသွေးစုံ နောက်ခံ Background နဲ့ ပြတ်သားတိကျတဲ့ပုံရိပ်တွေကို ဖန်တီးစေနိုင်လို့ပါ။ Front Light မှာ Exposure ကွာခြားချက်ပမာဏ မှားတတ်တာမို့ မိတ်ဆွေအနေနနဲ့ Exposure ကို အထူးဂရုပြုဖိုတော့လိုပါမယ်။ Histogram ကိုအမြဲစစ်ဆေးဖို့လိုအပ်မှာဖြစ်သလို Exposure Compensation ကိုလဲ လိုအပ်သလို အတိုးအလျှော့လုပ်ပေးဖို့ကို လဲ အမြဲသတိရသင့်ပါတယ်။
4. Reflected Light
Reflected
Light ဆိုတာကတော့ တိုက်ရိုက်ထိတွေ့တဲ့အလင်းမျိုးမဟုတ်ပဲ ပျော့ပျောင်းညင်သာပြီး မျက်နှာပြင် တစ်ခုကနေတစ်ခုအလင်းပြန်တာမျိုးဖြစ်ပါတယ်။
Reflected Light မှာအလင်းရောင်တိုက်ရိုက်ထိတွေ့တဲ့မျက်နှာ ပြင် သို့မဟုတ် Subject မှာပေါ်လွင်တဲ့
အရောင်တွေထက်၊ အလင်းပြန်ပြီးထိတွေ့တဲ့မျက်နှာပြင်မှာပေါ်လွင်တဲ့ အရောင်တွေက ပိုပြီးရင့်တတ်ပါတယ်။
ငြိမ်သက်နေတဲ့ရေပြင်ပေါ်မှာ ထပ်ဟပ်ပေါ်လွင်တတ်တဲ့ အလင်းပြန်ပုံရိပ် တွေဟာ တကယ်ရှုမငြီးတဲ့ပုံရိပ်တွေပါပဲ။
ဒီလိုပုံရိပ်မျိုးရိုက်ကူးမယ်ဆိုရင် အကြံပေးလိုတာက အရောင်အသွေးစုံ တဲ့ Subject ကိုရွေးချယ်ပါ။
Subject ရဲ့ပုံရိပ်အလင်းပြန်ပြီးကျရောက်မယ့်ရေပြင်ဟာ ပကတိငြိမ်သက်နေသင့်ပြီး အရိပ်ထဲမှာရှိနေသင့်ပါတယ်။
Subject ကိုနေရောင်တိုက်ရိုက်ထိတွေ့လာတဲ့အခါမှာ၊ အဲဒီ Subject ရဲ့ပုံရိပ်ဟာ မူလအရောင်အသွေးတွေထက်
ပိုမိုတောက်ပစွာ ပကတိတည်ငြိမ်နေတဲ့ ရေပြင်ပေါ်မှာ ထင်ဟပ်ပေါ်လွင်စေ မှာ ဖြစ်ပါ တယ်။

5.Diffused Light
Diffused
Light / Soft Light ဆိုတာကတော့ အရိပ်ကြနေတဲ့နေရာ၊ သို့မဟုတ်နေရောင်တိုက်ရိုက် မကျတဲ့နေရာ
မျိူးမှာ ဖြစ်ပေါ်နေတဲ့ အလင်းခပ်ဖျော့ဖျော့မျိုးကို ဆိုလိုပါတယ်။ မိုးအုံမှောင်မဲနေတာမျိုးမဟုတ်ပဲ တိမ်ထူထပ်တဲ့ နေ့မျိုး၊
နှင်းဝေမြူကျတဲ့အချိန်မျိုးမှာ Diffused Light လို့ခေါ်တဲ့ အလင်းခပ်ပျော့ပျော့မျိူးကိုရနိုင်ပါတယ်။
ဓါတ်ပုံရိုက်ကူးရာမှာ အလင်းရောင်အားနဲတာဟာ အကျိုးသက်ရောက်မှုသိပ်မရှိတတ် ဘူးဆိုပေမယ့်လဲ
အလင်းခပ် ဖျော့ဖျော့ရဲ့ အကျိုးသက်ရောက်မှု၊ တန်ဖိုးရှိမှုတွေကလဲ အများကြီးရှိပါတယ်။
Photo crd: Internet
Diffused Light မှာဓါတ်ပုံရိုက်ကူးတဲ့အခါမှာ၊ Side Light မှာရိုက်ကူးသလိုမျိုး Taxture လို့ခေါ်တဲ့ မျက်နှာပြင် (မြေမျက်နှာပြင်) အရေးအကြောင်းတွေ၊ အရိပ်တွေပေါ်မှာမဟုတ်ပါဘူး။ Diffused Light မှာ Exposure မှန်မှန် နဲ့ရိုက်ကူးမယ်ဆိုရင်၊ Light Spot လို့ခေါ်တဲ့ အလင်းရောင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အလင်းကွက်လေးတွေဓါတ်ပုံ မှာပေါ်စရာအကြောင်းကိုမရှိပါဘူး။ အရောင်အသွေးကို အတိအကျပုံဖေါ်တဲ့နေရာမှာလဲ Soft Light ဟာ အထူး ကောင်းမွန်ပါတယ်။ Outdoor Portrait ရိုက်တဲ့အခါမှာလဲ Soft Light ဟာအရေးပါပါတယ်။ မော်ဒယ်ရဲ့အသား အရည်ကို ပကတိအတိုင်းပျော့ပြောင်း ညက်ညောအောင်ဖြစ်စေပြီး နေရောင်ကြောင့် မျက်မှောင်ကုတ်ခြင်းကိုလဲ ကင်းဝေးစေပါတယ်။ Post Processing လုပ်တဲ့အခါကျရင်တော့ Contrast ကို နဲနဲ ကစားပေးရမယ်နော့။
နောက်တစ်ချက်အနေနဲ့ ရေတံခွန်တို့၊ စမ်းချောင်းတို့ကို ဓါတ်ပုံရိုက်ကူးရာမှာ တိမ်ဖုံးနေတဲ့နေ့မျိုးဟာ ထူးခြားတဲ့ ပုံရိပ်တွေကိုဖန်တီးပေးတတ်ပါတယ်။
တိမ်ဖုံးနေတဲ့အတွက်ဖြစ်ပေါ်နေတဲ့ Soft Light ဟာ၊ မိတ်ဆွေရဲ့ကင်မရာ Shutter Speed ကိုပိုမိုနှေးကွေးစေမှာဖြစ်လို့၊ သူရဲ့အကျိုးအဆက်အနေနဲ့၊ ရေမှုန်လေးတွေကို ဝေဝါးစွာပေါ်လွင် စေမှာဖြစ်ပြီး ရေရဲ့လှုပ်ရှားနေမှုကို အသက်ဝင်ပီပြင်စေမှာပဲဖြစ်ပါတယ်။
6.Dramatic Light
ပြဇာတ်ဆန်တဲ့
Dramatic Light ကို ဖမ်းယူဖို့ဆိုရင်တော့ တိကျမှန်ကန်တဲ့ အချိန်ရယ်၊ နေရာရယ်ရွေးချယ်တတ်ဖို့
လိုပါမယ်။ မုန်တိုင်းငယ်တစ်ခုဖြစ်တဲ့အချိန်မျိုးကိုစောင့်ဖို့လိုပါမယ်။ မုန်တိုင်းငယ်တစ်ခုဖြစ်ပြီဆိုတာနဲ့
ဘယ်အချိန်လောက်မှာ တိမ်တွေစတင်ရွေ့လျားကင်းစင်လာမယ်၊ နေရောင်ချည်ရဲ့ လားရာကဘယ်ဖက်မှာရှိမယ်
ဆိုတာတွေကို ခန့်မှန်းတွက်ချက်ဖို့လိုပါမယ်။ ဒါမှသာလျှင် မိတ်ဆွေရဲ့အပြန်ခရီးဟာ လက်ချည်းဗလာသက်သက်
နဲ့မပြန်ရပဲ အံ့ဩဖွယ် ခမ်းနားကြီးကျယ်တဲ့ Landscape ပုံကောင်းတွေနဲ့ ပြန်လာနိုင်မှာပါ။
ဓါတ်ပုံနဲ့တစ်ပုံရိုက်ကူးနေစဉ်မှာ မိတ်ဆွေရဲ့ ကင်မရာကို တဘက်ငယ်လေးနဲ့အုပ်ထားသင့်ပါတယ်။ ပြီးတော့ဒီလို ရိုက်ကူးမှုမျိုးသွားရင် Battery အပိုတွေလဲဆောင်သွားသင့်ပါတယ်။ အဲဒီ Battery အပိုတွေကို မိတ်ဆွေရဲ့ကိုယ်နဲ့ အနီးဆုံးမှာထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သိပ်အေးတာရော၊ သိပ်ပူတာရော နှစ်ခုစလုံးဟာ Battery ရဲ့ သက်တမ်းကို လျှော့ကျစေနိုင်လို့ပါ။ ရိုက်ကူးမှုမစတင်ခင် ကားထဲမှာ(သို့)လုံချုံတဲ့နေရာမှာ စောင့်စားနေတုန်း မိတ်ဆွေအနေနဲ့ ဒီရိုက်ကူးမှုကို ဘယ်Lens နဲ့ ရိုက်မယ်ဆိုတာ တစ်ခါတည်းဆုံးဖြတ်ရွေးချယ်ထားဖို့လိုပါမယ်။ အပြင်ဖက်ဆိုးရွားတဲ့ရာသီဥတုမှာ Lens ဖြုတ်လဲဖို့က မိတ်ဆွေအနေနဲ့ စွန့်စားရာကျလွန်းပါတယ်။ ဒီပြဇတ်ဆန် တဲ့ Dramatic Light ဖြစ်ပေါ်မှုဟာ များသောအားဖြင့် မုန်တိုင်ငယ်တစ်ခုဖြစ်ပေါ်အပြီး မိုးသားတိမ်တွေစတင် ကင်းစင်လာတဲ့အချိန်မျိုးမှာအဖြစ်များပါတယ်။ ဒါကြောင့်ဆိုးရွားတဲ့ ရာသီဥတုထဲ အစောကြီးကြိုသွားနေဖိုသိပ် မလိုအပ်ပါဘူး။ Location ကြိုရှာထားပြီး ကားထဲမှာ ကြိုစောင့်နေတာမျိုးကအဆင်ပြေပါတယ်။ မုန်တိုင်းငယ်တစ်ခုပြီးဆုံးတဲ့အချိန်ဟာ Sunset အချိန်နဲ့တိုက်ဆိုင်နေမယ်ဆိုရင်တော့မိတ်ဆွေဟာ အင်မတန်ကံထူးပါပြီ။ အံ့ဩမှင်သက်လောက်ဖွယ်ရာ Dramatic Light ပုံရိပ်တွေကို မလွတ်တမ်းသာ ရိုက်ကူးဖို့ပဲရှိပါတော့တယ်။
7.Twilight
နေဝင်ဆည်းဆာချိန်
Sunset ကိုရိုက်ကူးကြတဲ့အခါမှာ နေလုံးကြီး မိုးကုတ်စက်ဝိုင်းအောက် ဝင်ရောက်ပျောက် ကွယ်သွားပြီဆိုတာနဲ့
တော်တော်များများဟာ ကင်မရာတွေ Tripod တွေသိမ်းပြီး ပြန်ကြတော့တာပါပဲ။ အဲဒီမှာ သူတို့ဟာ
ကောင်းကင်ကြီးတစ်ခုလုံးကို လှပတဲ့ အရောင်အသွေးတွေဖြစ်အောင် ဖန်တီးပေးတဲ့ Twilight ကိုလက်
လွှတ်ရတော့တာပါပဲ။ Twilight ဟာ နေဝင်ပြီး မိနစ် ၂၀ ဝန်းကျင်နဲ့ နေမထွက်မှီ မ်နစ် ၂၀
ဝန်းကျင်တွေမှာဖြစ် တတ်ပါတယ်။ နေ့တစ်နေ့ရဲ့ နေ့နဲ့ည ကြားကာလ အချိန်လေးဟာ ဆန်းသစ်လှပတဲ့
အရောင်အသွေးစုံကို ဖန်တီးပေးတတ်ပါတယ်။ ကျွန်တော်တို့မျက်လုံးက အမဲရောင်၊အမှောင်တွေကို
မြင်နေတယ်ဆိုပေမယ့် ကင်မရာ Sensor က လှပပြတ်သားတဲ့ အပန်းရောင်နဲ့ အပြာရောင်ကိုမြင်ပါတယ်။
Twilight
အလွန်အချိန်လေး (သို့) မနက်ပိုင်းနေမထွက်ခင်အချိန်တွေမှာ ကျွန်တော်တို့မျက်လုံးဟာ အမဲရောင်၊
အမှောင်တွေကိုသာမြင်နေပေမယ့် ကောင်းကင်ကြီးဟာ အပြာရောင်အတိပြီးနေတာပါ။ Blue Hour လို့လဲခေါ်ကြပါတယ်။
ဒီအချိန်လေးဟာ Cityscape လို့ခေါ်တဲ့ မြို့ပြပုံရိပ်တွေကို ရိုက်ကူးဖိုး အကောင်းဆုံးအချိန်
တွေထဲကတစ်ခုပါ။ မြင်ကွင်းအားလုံး Focus ပြတ်သားဖို့နဲ့ မြို့ပြမီးလုံးလေးတွေကို
Star Effect ဖြစ်အောင် Aperture ကျစ် ( F နံပါတ်အများ) နဲ့ရိုက်ကူးသင့်ပါတယ်။ နောက်တစ်မျိုးအနေနဲ့
Twilight အချိန်မှာ လမင်းကြီး ထွက်ပေါ်လာမျိုးကို ရိုက်ကူးရတာဟာလဲ ရင်ခုန်စိတ်လှုပ်ရှားစရာ
မြင်ကွင်းမျိုးကို ဖန်တီးပေးနိုင်ပါတယ်။
8. Night
ညဖက်မှာဓါတ်ပုံရိုက်ကူးရာမှာ
အခက်ခဲဆုံးအပိုင်းကတော့ Exposure အမှန်ရဖို့ပါပဲ။ မိတ်ဆွေရိုက်ကူးနေတဲ့မြင် ကွင်း Frame
ထဲမှာ အလင်းရောင်တွေနေရရင် အဲဒီအလင်းရောင်ကို ချိန်ပြီးရိုက်ကူးတာမျိုးမှာ မိတ်ဆွေရဲ့
ကင်မရာက အရာအားလုံးဟာလင်းနေတယ်လို့ ယူဆသွားစေနိုင်ပါတယ်။ ဒီတော့ Test Shot အစမ်းအရင်
ရိုက်ကူးကြည့်ပါ။ ထွက်လာတဲ့ Result ပေါ်မူတည်ပြီး Exposure Compensation ကို အတိုးအလျှော့
လုပ်ပြီး ရိုက်ကူးသင့်ပါတယ်။
ရေကန်တို့ ကျောက်ဆောင်လှလှတို့ကို Foreground ထားနိုင်ရင်ပိုကောင်းပါတယ်။ ရိုက်ကူးနေစဉ် Foreground Subject ကို အချိန်အနည်းငယ် အလင်းရောင်ပေးခြင်းအားဖြင့် Foreground Subject ကို ပိုမိုပေါ်လွင်စေ နိုင် ပါတယ်။ အလေ့အကျင့်ရှိဖို့နဲ့ အချိန်အများကြီးပေးရိုက်ကူးရတယ်ဆိုပေမယ့်၊ လူမျက်မျက်စိနဲ့ မမြင်နိုင်တဲ့ကြယ် တာရာတွေရဲ့ သွားလာနေပုံ လမ်းကြောင်းကို ဓါတ်ပုံထဲမှာ မြင်ရတာဟာတကယ်ကို စိတ်ကျေနပ်စရာပါ။
Twilight
နဲ့ Night တွေမှာ ဓါတ်ပုံရိုက်ကူးတဲ့အခါမှာ ပုံရိပ်ပြတ်သားမှုမရှိတာမျိုးကိုတွေ့ရတတ်ပါတယ်။
အဲလိုဖြစ် စေတဲ့အကြောင်း (၂) ချက်ရှိပါတယ်။ အဲဒါတွေကတော့
1.Camera Stabilization ကင်မရာ တည်ငြိမ်မှု
Twilight
နဲ့ Night အချိန်တွေမှာရိုက်ကူးဖို့ မိတ်ဆွေအနေနဲ့ Tripod တစ်ချောင်းတော့လိုအပ်ပါတယ်။
Tripod မရှိရင်တောင် မိတ်ဆွေရဲ့ကင်မရာကိုငြိမ်နေအောင် အဝတ်အိတ်၊ ကျောပိုးအိတ်စတာတွေ
အသုံးပြုဖို့လိုပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက မိတ်ဆွေရိုက်ကူးမယ့် Composition ကိုသေချာပေါက်ထိန်းချုပ်တော့မှာမို့
မိတ်ဆွေ အနေနဲ့ Tripod တစ်ချောင်းတော့ မဖြစ်မနေဝယ်ထားသင့်ပါတယ်။ ညဖက်မဟုတ်ပဲ နေခင်းဖက်ရိုက်ကူးမှုမျိုး
မှာတောင် Tripod သုံးတာနဲ့၊ မသုံးတာဟာ၊ အအခြေအနေအတော်များများမှာ ကွာခြားလှပါတယ်။ ညဖက်ရိုက်ကူး
ရေးတွေမှာ မိတ်ဆွေရဲ့ ကင်မရာကိုထိစရာမလိုအောင် Cable Release သုံးသင့်ပါတယ်။ ဒါမှမဟုတ်
ကင်မရာ Setting ထဲမှာပါတဲ့ Timmer ကို 2
nd
လောက်ထားပြီး ရိုက်ကူးသင့်ပါတယ်။ Shutter ခလုတ်ကို နှိပ်လိုက်တဲ့ ဘာမှမဟုတ်ဘူးလိုထင်ရတဲ့
တုန်ခါမှုလေးဟာ၊ Shutter အမြန်နဲ့ရိုက်ကူး
မှုမျိူး မှာ ဘာမှမဖြစ်ပေမယ့်၊ အခုလို Shutter အနှေးနဲ့ရိုက်ကူးမျိုးမှာ အခန့်မသင့်ရင်
မိတ်ဆွေရဲ့ ပုံကိုလုံး၀ပျက်စီးသွား စေနိုင်ပါတယ်။
Twilight
နဲ့ Night အချိန်တွေမှာ ကင်မရာတုန်ခါမှုကြောင့် ပုံရိပ်ဝါးတာကိုလျော့ကျစေပြီး ပိုမိုပြတ်သားတဲ့ပုံရိပ်ကို
ရရှိစေဖို့နောက်တစ်နည်းကတော့ Camera Function တစ်ခုဖြစ်တဲ့ Mirror Lock Up Mode ကိုအသုံးပြုဖို့ဖြစ်ပါ
တယ်။ ပုံမှန်အားဖြင့်ကင်မရာမှာပါတဲ့ဒီ Mirror (မှန်) က မိတ်ဆွေ View Finder ကချောင်းကြည့်တဲ့အခါ
ကင်မရာ ရှေ့ကမြင်ကွင်းကို မြင်ရစေပါတယ်။ မိတ်ဆွေကင်မရာခလုတ်ကိုနှိပ်လိုက်တဲ့အချိန်မှာ
အဲဒီ Mirror ကခုန်တက် သွားမယ်။ ပြီးရင် Shutter ပွင့်မယ်။ ပြီးရင် Shutter ပြန်ပိတ်မယ်။
နောက် Mirror ပြန်ကျလာမယ်။ Shutter ဖွင့် ထားတဲ့ အခိုက်အတန့်လေးမှာ ကင်မရာက မြင်ကွင်းထဲကပုံရိပ်ကို
Sensor မှာထင်ဟပ် ပေါ်လွင်စေတယ်ပေါ့။ Shutter အနှေးနဲ့ရိုက်ကူးတဲ့အခါမှာ မိတ်ဆွေကင်မရာရဲ့
Shutter မပွင့်ခင်၊ Mirror ခုန်တက်သွားတဲ့ အခိုက်အ တန့်လေးရဲ့ မပြောပလောက်တဲ့ တုန်ခါမှုလေးဟာ
အဆင်မသင့်ရင် မိတ်ဆွေဓါတ်ပုံရဲ့ ပြတ်သားမှုကို ထိခိုက်စေနိုင် ပါတယ်။
Mirror
lock up mode ကိုအသုံးပြုပြီးရိုက်ကူးရာမှာ၊ ပထမဆုံး Shutter ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာ
Mirror ကခုန်တက်သွားပါလိမ့်မယ်။ ဒါပေမယ့် Shutter မပွင့်သေးပါဘူး။ တစ်နည်း ဓါတ်ပုံမရိုက်သေးပါဘူး။
ဒုတိယအကြိမ် နှိပ်လိုက်တဲ့အခါကျမှသာလျှင် Shutter ပွင့်သွားပါတယ်။ တစ်နည်း ဓါတ်ပုံရိုက်တယ်ပေါ့။
Shutter ခလုပ်ကိုနှိပ်တယ်ဆိုရာမှာ Cable Release ဒါမှမဟုတ် Remote နဲ့နှိပ်တာကိုဆိုလိုပါတယ်။
ဒီလိုနည်းနဲ့ ကင်မရာ တုန်ခါမှုကိုကင်းဝေးစေပြီး အကျိုးရလဒ်အနေနဲ့ ပြတ်သားတဲ့ပုံရိပ်တေါကို
ရရှိစေမှာပါ။
2.Focus
Twilight
နဲ့ Night အချိန်တွေမှာရိုက်ကူးတဲ့အခါမှာ Focus ဟာလဲပြသနာတစ်ခုဖြစ်လာနိုင်ပါတယ်။ အလင်းအားနဲတဲ့ ညဖက်ရိုက်ကူးမှုမျိုးမှာ မိတ်ဆွေကင်မရာရဲ့
Auto Focus စနစ်ဟာ အလုပ်ကောင်းကောင်းနဲ့ မှန်မှန် သိပ်မလုပ်နိုင်ဘူးဆိုတာသတိထားရပါမယ်။
ကင်မရာအများစုရဲ့ Auto Focus စနစ်ဟာ မီးအလင်းရောင် ရှိတဲ့နေရာတစ်ခုခုကိုပဲ ရှာဖွေပြီး
Focus ဖြတ်ပါလိမ့်မယ်။ Shutter ခလုတ်ကို တစ်ဝက်နှိပ်တဲ့အချိန်မှာပေါ့။ Auto စနစ်ဖြစ်တာကြောင့်
ကင်မရာဟာ သူအတွက်အဆင်ပြေမယ့်နေရာကို သူ့ဟာသူရွေးချယ်ပြီး Focus ဖြတ်သွားတာမျိုးပါ။
ကိုယ်လိုချင်တဲ့နေရာ ( ဥပမာ-Hyper Focal Distance ) ကို Focus ဖြတ်ဖို့ဆိုရင် အလင်းရောင်အားနဲတဲ့အချိန်မို့
အခက်အခဲတွေအများကြီးရှိနိုင်ပါတယ်။ ဒီတော့အကြံပေးချင်တာက မိတ်ဆွေရိုက် ကူးမယ့်ပုံရဲ့
အခြေအနေအရ ဖြစ်နိုင်တယ်ဆိုရင်မိတ်ဆွေ
Focus ဖြတ်မယ့်နေရာကို ဓါတ်မီးစသဖြင့် တစ်ခုခုနဲ့ အလင်းလှမ်းပေးပြီး Focus ဖြတ်ရိုက်ကူးသင့်ပါတယ်။
နောက်တစ်နည်းကတော့ မိတ်ဆွေအနေနဲ့ အချိန်ပေးနိုင် မယ်ဆိုရင် ရိုက်ကွင်းကို မမှောင်ခင်ကြိုတင်ရောက်ရှိနေရမှာဖြစ်ပြီး
ကိုယ်လိုချင်တဲ့ရိုက်ကွင်း Composition ကို အလင်းရောင်ရှိ တုန်းကြိုတင် Focus ဖြတ်ထားရမှာဖြစ်ပါတယ်။
ပြီးရင်တော့ မိတ်ဆွေရဲ့ ကင်မရာ Focus Mode ကို Manual မှာပြောင်းထားဖို့လိုပါမယ်။ ဒါမှ
မိတ်ဆွေတကယ်ရိုက်ကူးတဲ့အခါမှာ ကင်မရာက Focus ပြန်မရှာ တော့ပဲ မိတ်ဆွေ Focus ဖြတ်ထားခဲ့တဲ့အတိုင်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
နောက်တစ်နည်းမိတ်ဆွေအသုံးပြုနိုင် တာကတော့ Manual Focus ဖြတ်ဖို့ပါပဲ။ Manual
Focus နဲ့ဖြတ်မယ်ဆိုရင်တော့ Live View ကိုအသုံးပြုပြီး ကင်မရာ LCD Screen မှာပေါ်လာတဲ့မြင်ကွင်းပေါ်မှာ
မိတ်ဆွေလိုချင်တဲ့နေရာကို Focus ဖြတ်တာ အကောင်းဆုံးပါပဲ။
Histogram
ဒစ်ဂျစ်တယ်
ဓါတ်ပုံနဲ့ပါတ်သက်ပြီး အလင်းရောင်တွေအကြောင်းဆွေးနွေးရာမှာ၊ လူအများစု ဂရုမူလေ့ သိပ်မရှိတဲ့
Histogram အကြောင်းမပါပဲ ပြည့်စုံနိုင်မယ်လို့မထင်ပါဘူး။ Histogram ကိုအသုံးပြုဖို့
မတွန့်ဆုတ်ပါနဲ့။ သူကထင်သလောက်ကြီးမခက်ပါဘူး။ မိတ်ဆွေအနေနဲ့ Histogram ကိုကောင်းကောင်းဖတ်တတ်မယ်ဆိုရင်
မိတ်ဆွေရဲ့ မျက်လုံးတစ်ချက်ဝှေ့အကြည့်မှာတင် တွေ့မြင်နိုင်တဲ့အပြစ်အနာအစာတွေကို သူကဖေါ်ပြပေးမှာမို့
မိတ်ဆွေရဲ့ ပုံရိပ် အရည်အသွေးကို အများကြီးတိုးတက်စေမှာဖြစ်ပါတယ်။
ဓါတ်ပုံတစ်ပုံရိုက်ကူးပြီးပြီဆိုတာနဲ့
မိတ်ဆွေကင်မရာရဲ့ LCD Monitor Screen မှာချက်ခြင်းစစ်ဆေးနိုင်ပါတယ်။ Composition နဲ့Focus
ပြတ်သားမှုကိုစစ်ဆေးရာမှာတော့ တကယ်အသုံးဝင်ပါတယ်။ ဒါပေမယ့် Exposure ကိုတော့ မစစ်ဆေးနိုင်ပါဘူး။
Camera LCD Monitor Screen က တိကျမှန်ကန်တဲ့ Exposure ကို မဖေါ်ပြနိုင် သေးပါဘူး။ ဒါကြောင့်
အိမ်ပြန်ရောက်လို့ Computer ပေါ်လဲတင်ကြည့်ရော စိတ်ညစ်စရာတွေပေါ်လာတာမျိုး မိတ်ဆွေကြုံရတာပါ။
Exposure ကို စစ်ဆေးဖို့ Histogram ကို မိတ်ဆွေအနေနဲ့ မဖြစ်မနေသုံးသင့်ပါတယ်။ OK..
ဒါဆို Histogram အခြေခံလေးလေ့လာကြည့်ရအောင်။ အရမ်းမခက်ပါဘူးလွယ်ပါတယ်။
နိဂုံး
အခုမိတ်ဆွေအနေနဲ့
သဘာ၀အလင်းရောင်တွေအကြောင်းလေ့လာခဲ့ပြီးပြီဆိုတော့ လက်တွေ့လေ့ကျင့်ခန်းလေး တွေလုပ်ကြည့်ရအောင်။
သဘာ၀အလင်းရောင်တွေကိုပိုနားလည်လာတာပေါ့။ မိတ်ဆွေနေထိုင်ရာအိမ်ရဲ့အနီးဝန်း ကျင်မှာ ရိုက်ကူးဖို့
Subject တစ်ခုခုရွေးချယ်ရှာထားပါ။ ပြီးရင် နေ့တစ်နေ့ရဲ့ မတူညီတဲ့အချိန်အမျိုးမျိုးမှာ
စမ်း သပ်ရိုက်ကူးကြည့်ပါ။ မတူညီတဲ့ အချိန်တွေကြောင့် မတူညီတဲ့အလင်းရောင်အမျိုးမျိုးဟာ
မိတ်ဆွေရဲ့ Subject အ ပေါ်သက်ရောက်ပုံကို သေချာလေ့လာမှတ်သားပါ။ ဒီလိုနဲ့ပဲ တစ်နှစ်တာကာလအတွင်း
မတူညီတဲ့ ရာသီတွေမှာလဲ အခုလိုပဲ စမ်းသပ်ရိုက်ကူးမှုကိုဆက်လက်လုပ်ဆောင်ပါ။ ဒီလိုနဲ့မိတ်ဆွေဟာ
နေ့တစ်နေ့ရဲ့ မတူညီတဲ့ အချိန် တွေ ကြောင့် ပြောင်းလဲဖြစ်ပေါ်လာတဲ့ အလင်းသက်ရောက်မှုကိုသာမက
ရာသီအလိုက်ဖြစ်ပေါ်တတ်တဲ့ အလင်းရောင် ရဲ့ သဘောသဘာ၀ကို နားလည်လာပါလိမ့်မယ်။ မိတ်ဆွေရဲ့
ဓါတ်ပုံပညာစဉ်ဆက်မပြတ် တိုးတက်လာစေဖို့ အလင်းရောင်ကို ဆရာတင်လိုက်ပါ။ သူသင်ပေးသမျှကို
လေ့လာမှတ်သားပါ။ တကယ်လို့ ကင်မရာမပါသွားဘူး ဆိုရင်တောင် မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ အလင်းရောင်တွေဘယ်လို
ပြောင်းလဲ ဖြစ်ပေါ်သွားတယ်ဆိုတာကို ဂရုတစိုက်လေ့လာမှတ်သားသင့်ပါတယ်။ နေပူနေရာကနေ ရိပ်သွားတာ၊
ရိပ်နေရာကနေပြန်ပူလာတာ၊ စတာတွေပါမကျန် အသေးစိတ်သတိထားလေ့လာ မှတ်သားသင့်ပါတယ်။ အလင်းရောင်အမျိူးမျိူးရဲ့
ပြောင်းလဲသက်ရောက်ပုံတွေကို မိတ်ဆွေလေ့လာသိရှိလာတဲ့အခါမှာ မိတ်ဆွေဟာ ဒီအလင်းရောင်တွေရဲ့
လှပတဲ့ သက်ရောက်မှုတွေကိုသေသပ်စွာ ပုံဖေါ်ရိုက်ကူးလာနိုင်မှာဖြစ်သလို၊ အလင်းရောင်သက်ရောက်ပုံတွေအပေါ်မူ
တည်ပြီး ဘယ်လိုပုံတွေကို ဘယ်လိုအချိန်ကာလတွေမှာ ဘယ်လိုအလင်းရောင်မျိုးနဲ့ရိုက်ကူးသင့်တယ်
ဆိုတာ ကိုပါ သိရှိနားလည်လာမှာဖြစ်ပါတော့တယ်။
နောက်များမိတ်ဆွေဓါတ်ပုံထွက်ရိုက်တော့မယ်ဆိုရင်
Subject ကိုကြည့်တာထက် အလင်းရောင်ကိုပို အသားပေး ကြည့်ရှုလိုက်ပါ။ ဘယ်လိုဓါတ်ပုံမျိုးရိုက်ကူးမယ်ဆိုတာကို
အလင်းရောင်ကိုပဲ ရွေးချယ်ဆုံးဖြတ်စေလိုက်ပါ။
။
ယခုမှတ်စုပါအကြောင်းအရာအားလုံးသည် Anne McKinnell ၏ “8 Type of Nature Light” စာအုပ်မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာဖြစ်ပါသည်။ တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာ ဖြစ်ပါကြောင်း …..
အားလုံးအဆင်ပြေကျပါစေ
…
Khin Maung Chin
( Kalaw )
20.2.2014
No comments:
Post a Comment