HAPPY HOME PHOTOGRAPHY – NOTE (7)
Metering Mode
Learn About Exposure
Metering Mode
Metering Mode အကြောင်းလေ့လာခြင်း
DSLR
Camera တစ်လုံးနဲ့ဓါတ်ပုံတစ်ပုံရိုက်ကူးတော့မယ်ဆိုရင် မိတ်ဆွေသိထားသင့်တဲ့အရာတစ်ခုရှိပါတယ်။
အဲဒါကတော့ မိတ်ဆွေရိုက်ကူးမယ့်ပုံ (Subject ) အပေါ်ကိုသက်ရောက်နေတဲ့အလင်း တွေကို မိတ်ဆွေရဲ့
ကင်မရာက ဘယ်လိုတိုင်းတာဖတ်မှတ်တယ်ဆိုတာပါပဲ။ DSLR ကင်မရာတွေမှာ TTL (
Through-The-Lens ) လို့ခေါ်တဲ့ Lighr Meter အလင်းတိုင်းတာတဲ့စနစ်ပါပါတယ်။ တစ်နည်းအားဖြင့် Metering Mode အလင်းတိုင်းတာတဲ့စနစ်လို့ပြောနိုင်ပါတယ်။
အဲဒီစနစ်ကပဲ မိတ်ဆွေရဲ့ Subject ပေါ်ကို သက်ရောက်နေတဲ့ အလင်းကိုတိုင်းတာပါတယ်။ မှတ်တမ်းကျန်ရုံရိုက်တဲ့ပုံမျိုးမှာ
အရေးမကြီးပေမယ့် တစ်ကယ့်ပုံကောင်းတစ်ပုံ ရဖို့ဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဒီ
Metering စနစ်ကို သေချာနားလည်ဖို့လိုပါမယ်။ သူကလဲ မိတ်ဆွေရဲ့ဓါတ်ပုံကို နောက်ထပ်
level တစ်ခုရောက်အောင်ဆွဲခေါ်သွားနိုင်ပါတယ်။ မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့ဓါတ်ပုံမှာ အရောင်
အသွေး Colourကော၊ အလင်းအမှောင် Exposure ကော၊ အရေးအကြောင်း (ကောက်ကြောင်း) Texture
ကော ပြည့်ပြည့်စုံနဲ့ Detial လေးတွေပါဝင်စေချင်မှာပါနော်။ ဒီနေရာမှာ ကင်မရာရဲ့
Metering စနစ်က မှာယွင်းစွာတိုင်း တာမိတယ်ဆိုရင် မိတ်ဆွေလိုချင်သလို Detial လေးတွေမှန်မှန်ကန်ကန်နဲ့
ဓါတ်ပုံတစ်ပုံကို မိတ်ဆွေမရနိုင်တော့ပါဘူး။ အဆိုးဆုံးကတော့ မိတ်ဆွေရဲ့ပုံမှာ Over
Exposure ဧရိယာတွေပါခဲ့မယ်ဆိုရင် အဲဒီဧရိယာမှာရှိတဲ့ အရာတွေအားလုံး ဆုံးရှုံးရမှာပါ။
Over Exposure ဧရိယာမှာရှိတဲ့ Detail အချက်အလက်တွေ ကို ကွန်ပျူတာမှာ ဓါတ်ပုံပြင်တဲ့
Software တွေနဲ့ ပြန်ဆယ်အုံးတော့ မရနိုင်တော့ပါဘူး။ အဲတော့ ရိုက်ထားသမျှ အားလုံးဆုံရှုံးရတော့မှာပါ။
ဒါကြောင့် Metering စနစ်အဖတ်မမှားအောင် မှန်မှန်ကန်ကန်စနစ်တကျသုံး
တတ်ဖို့က ပုံကောင်းတစ်ပုံရရှိဖို့ရာမှာ အလွန်အရေးကြီးပါတယ်။ သူနဲ့ မိတ်ဆွေကောင်းဖွဲ့ထားရမယ်ပေါ့နော်။
ကဲ DSLR ကင်မရာတစ်လုံးမှာပါတဲ့ Metering စနစ်တွေကိုလေ့လာကြည့်ရအောင်။
What is Metering ( Metering ဆိုတာဘာလဲ
)
မိတ်ဆွေဓါတ်ပုံတစ်ပုံရိုက်ကူးရာမှာ
မိတ်ဆွေသုံးထားတဲ့ ISO ၊ မိတ်ဆွေရဲ့ ကင်မရာထဲကို ဝင်လာမယ့် အလင်းပ မာဏအပေါ်မူတည်ပြီးမှန်ကန်တဲ့
Shutter Speed နဲ့ Aperture ဟာ ဘယ်လောက်ဖြစ်သင့်တယ်ဆိုပြီး
တွက်ချက်ပေးတဲ့စနစ် ကင်မရာမှာပါဝင်ပါတယ်။ အဲဒီစနစ်ကို Metering လိုခေါ်ပါတယ်။ ဓါတ်ပုံလောကရဲ့
ကနဦးခောတ်တွေတုန်းက ကင်မရာတွေမှာ အလင်းပြင်းအားပမာဏကိုတိုင်းတာတွက်ချက်ပေးတဲ့ ဆင်ဆာ
တစ်နည်း မီတာ မပါဝင်ပါဘူး။ ဓါတ်ပုံဆရာကသီးသန့် Light Meter ကိုအသုံးပြုပြီး အလင်းပမာဏကို
တိုင်းတာရပါတယ်။ ဓါတ်ပုံရိုက်ကူးရာမှာ ပုံရိပ်ကို ဖလင်ပေါ်မှာပဲထင်ဟပ်စေရပါတယ်။
Preview ချက်ခြင်းပြန်ကြည့်လို့လဲမရပါဘူး။ ယနေ့ခောတ် DSLR ကင်မရာတိုင်းမှာတော့ အလင်း
ပြန် ဝင်ရောက်လာတဲ့ အလင်းပမာဏကို အလိုအလျှောက်တွက်ချက်ပေးတဲ့ Light Meter တွေပါဝင်လာပါပြီ။
ယနေ့ခောတ် ဒစ်ဂျစ်တယ်ကင်မရာတွေမှာ အသုံးများတဲ့ Metering Mode တွေကတော့ ….
(၁)
Matrix Metering Mode ( Nikon အခေါ်ဖြစ်ပြီး
Canon မှာတော့ Evaluative Metering Mode လို့ခေါ်)
(၂)
Center-Weighted Metering Mode
(3)
Spot Metering Mode ( Canon EOS မော်ဒယ်တစ်ချို့မှာ Partial Metering လို့ခေါ်ပါတယ်။
အကျိုးသက် ရောက်မှု ဧရိယာအနည်းငယ်ပိုကြီးတာကလွဲလို့ Spot Metering Mode နဲ့ သဘောသဘာ၀
အတူတူပါပဲ။)
ကင်မရာတစ်လုံးကို
Menual Mode (ကင်မရာ Mode တွေအကြောင်းကို သီးခြားNote တစ်ခုရေးထားပါတယ်) မှာထားပြီးရိုက်ကူးရာမှာ View Finder မှာကြည့်မယ်ဆိုရင်၊
အလည်ခေါင်တည့်တည့်မှာ “0” အမှတ်အသားပြ ထားပြီး ဘေးတစ်ဖက်စီမှာ “+” တစ်ဖက် “ _” တစ်ဖက်ပြနေတဲ့
ဘားတန်းလေးတစ်ခုကိုတွေ့ရပါလိမ့်မယ်။
မိတ်
ဆွေက ကင်မရာကို အရမ်းလင်းတဲ့ဖက်ကို ထိုးချိန်လိုက်မယ်ဆိုရင် အချက်ပြလေးက “+” ကိုရွေ့သွားမှာဖြစ်ပြီး
သဘောက မိတ်ဆွေရဲ့ Exposure Setting အတွက်အလင်းများနေတယ်လို့ဆိုလိုပါတယ်။ ထို့နည်းတူ
မှောင်တဲ့ ဖက်ကို ထိုးချိန်လိုက်မယ်ဆိုရင် အချက်ပြလေးက “-“ ဖက်ကို ရွေ့သွားပါလိမ့်မယ်။
ဆိုလိုတာက အလင်းမလုံ လောက်ဘူးပေါ့။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ အချက်ပြလေး “0” နေရာ ရောက်အောင်
Shutter Speed, Aperture, ISO တို့ကိုလိုသလိုချိန်ညှိရတော့မှာပါ။ ဒီလိုနဲ့ ကင်မရာ မီတာက တိုင်းတာသတ်မှတ်ပေးချက်အရ အသင့်တော်ဆုံးဖြစ်စေမယ့်
Exposure ကိုမိတ်ဆွေရရှိမှာဖြစ်ပါတယ်။ ကင်မရာ Light Meter ဟာ Manual Mode တစ်ခုတည်းမှာတင်
အသုံးဝင်တာမဟုတ်ပါဘူး။ Aperture Priority Mode, Shutter Speed Priority Mode,
Program Mode စတဲ့ အခြားကင်မရာMode တွေမှာလဲ Light Meter က အချက်အလက်တွေအရတွက်ချက်ပြီး
ကင်မရာကအခြား Setting တွေကိုညှိပေးပါသေးတယ်။
Problem with Metering (Metering နဲ့ပတ်သက်တဲ့ ပြသနာအချို့)
ယေဘုယျအခြေအနေတော်တော်များများမှာ
ကင်မရာ Metering Mode ဟာ တစ်ကယ်အသုံးဝင်ပြီးကောင်းလှပါ တယ်ဆိုပေမယ့်လဲ မိမိရိုက်ကူးမယ့်
ပုံမှာ အလင်းအမှောင်ကွာဟချက်အတော်များတဲ့ အခြေအနေမျိုး ရှိလာ တဲ့အခါမှာတော့ မှန်ကန်သင့်တော်တဲ့
Exposure ရနိုင်ဖို့ စိန်ခေါ်မှူ့ ကြီးကြီးမားမားတွေရှိနေတတ်ပါတယ်။ဥပမာ မိတ်ဆွေအနေနဲ့
တိမ်တိုက်တွေကော နေလုံးကြီးပါ မပါဝင်ပဲ ကောင်းကင်ပြာကြီးတစ်ခုထဲကိုပဲ ရိုက်ကူးမယ်ဆိုပါ
တော့။ ကင်မရာ Meter က ကောင်းကင်ပြာကြီးတစ်ခုထဲရဲ့ အလင်းပမာဏကိုသာတွက်ချက်ရတာမို့ အလွယ်တစ်ကူပဲ
မှန်ကန်တဲ့ Exposure ကိုရှိစေမှာပါ။ OK အခုတစ်ခါ ကောင်းကင်ပြာပြာထဲမှာ တိမ်တိုက်တစ်ချို့
ထည့်ကြည့်ရ အောင်။ ဒီအခါမှာတော့ ကင်မရာMeter က ကောင်းကင်ပြာကြီးရဲ့ အလင်းပမာဏ ဒါမှဟုတ်
မတူညီတဲ့ တိမ်တိုက်တွေရဲ့ အလင်းပမာဏကို တွက်ချက်ရတော့မှာပါ။ ဒီအခါမှာတော့ ကင်မရာ
Meter က အလင်းအားနဲတဲ့တိမ်တိုက်တွေအတွက် အလင်းပမာဏ တိုးပေးမယ်ဆိုပါစို့၊ အကျိုးရလဒ်အနေနဲ့ တိမ်တိုက်တွေက Exposure မှန်သွားပေမယ့်
ကောင်းကင်ကြီးကတော့ လိုတာထက်ပိုပြီး Over Exposure ဖြစ်တော့မှာပါ။ ဒီလိုမှမဟုတ်ပဲ ကောင်းကင်ကြီးကို
Exposure အမှန်ပေး မယ်ဆိုပြန်တော့လဲ နဂိုကမှ အလင်းပိုအားနဲတဲ့ တိမ်တိုက်တွေက Under
ဖြစ်သွားပါတော့ မယ်။ အလင်းပမာဏကွာခြားချက်ပိုများလေလေ Over Exposure နဲ့ Under
Exposure ဖြစ်မှုကပိုကြီးပြီး ပိုသိသာလေလေဖြစ်ပါတယ်။ ဥပမာ နေဝင်ဆည်းဆာ အချိန်မျိုးမှာ
မြေပြင်ပေါ်ကရှုခင်းအလှကိုရော၊ နေလုံးကြီးနဲ့ တိမ်တိုက်တွေရဲ့ အလှကိုပါ တွဲဖက်ရိုက်ကူးလိုတဲ့အ
ခါမျိုးမှာပေါ့။ ဒီလိုအလင်းပမာဏကွာခြားချက် ကြီးမားတဲ့ အခြေအနေမျိူးမှာ အလင်းပမာဏကို
လျှော့ချတဲ့အ နေနဲ့ Filter အမျိုးမျိုးကို
ကင်မရာမှာတပ်ဆင်ရိုက်ကူးတာမျိူးလဲရှိပါတယ်။ ကင်မရာကို နေကာမျက်မှန်တပ် ပေးတယ်ပေါ့။
ဒါကတော့ နောက်တစ်ဆင့် နဲနဲမြင့်လာပြီမို့ နောက်ပိုင်းမှာမှ ဆက်လက်ဖေါ်ပြပေးပါမယ်။ အခုတော့
အထက်မှာပြောခဲ့တဲ့ Metering Mode တွေက ပုံတစ်ပုံမှာ Exposure ကိုဘယ်လိုအကျိုးသက်ရောက်
စေလဲ၊ တစ်နည်း ဒီ Metering Mode တွေပေါ်မူတည်ပြီး ကင်မရာ Light Meter က အလင်းပမာဏကို
ဘယ်လို တွက်ချက်သက်မှတ်ပေးသလဲဆိုတာ ဆက်လေ့လာရအောင်။
(၁) Matrix / Evaluative Metering Mode
Matrix
(သို့) Evaluative Metering Mode ဆိုတာကတော့ DSLR ကင်မရာအများစုမှာ အများသုံး
Default Mode ဖြစ်ပါတယ်။ ဒီ Mode မှာဆိုရင် ကင်မရာ Meter က ပုံတစ်ခုလုံးမှာပါဝင်သက်ရောက်နေတဲ့
အလင်းအမှောင် Tones တစ်ခုချင်းစီကို တွက်ချက်ပါတယ်။ ပြီးမှ အားလုံးအတွက်အနည်းစပ်ဆုံး
ပျှမ်းမျှအနေနဲ့အသင့်တော်ဆုံး ဖြစ်စေမယ့် Exposure ကိုတွက်ချက်သတ်မှတ်ပေးပါတယ်။ နောက်ထပ်အဓိကအချက်တစ်ခုက
Matrix / Evaluative Metering Mode ဟာ Focus Point ပေါ်မှာ သက်ရောက်မှုရှိတာပါ။ ဆိုလိုတာက
Matrix / Evaluative Metering Mode ဟာ ပုံတစ်ခုလုံးမှာပါဝင်သက်ရောက်နေတဲ့ အလင်းအမှောင်
Tones တစ်ခုချင်းစီကို တွက်ချက်စီစစ်ပြီးရင် Focus Point ကိုကြည့်ပါတယ်။ ပြီးရင်
Frame တစ်ခုလုံးမှာ ဒီနေရာက အရေးအကြီးဆုံးလို့ သက်မှတ်တွက်ချက်ပေးတာပါ။ ဒါကြောင့် အခြအနေတော်တော်များများမှာ
အသင့်တော်ဆုံးပုံရိပ်တွေကိုဖန်တီး ပေးနိုင်တာမို့ DSLR ကင်မရာ အများစုမှာဒီ Metering
Mode ကို Default အဖြစ် ထားကျသလို မိတ်ဆွေအနေနဲ့ လဲ မိတ်ဆွေရဲ့ ရိုက်ကူးရေးအတော်များများမှာသုံးသင့်ပါတယ်။
(၂) Center-Weighted Metering Mode
ပုံတစ်ပုံရဲ့
Frame တစ်ခုလုံးကိုတွက်ချက် Exposure အမှန်ကို အသင့်တော်ဆုံး တွက်ချက်နေတာမျိုးကို
မိတ်ဆွေ နေနဲ့ အမြဲတမ်းတော့လဲလိုချင်မယ်မထင်ဘူး။ ဆိုပါတော့ မိတ်ဆွေအနေနဲ့ မော်ဒယ်တစ်ယောက်ရဲ့
ဦးခေါင်းပိုင်း လေးကိုပဲ နေလုံးလေးနောက်ခံထားပြီးရိုက်ကူးချင်တယ်ဆိုပါစို့။ ဒီလိုအခြေအနေမျိုးရိုက်ကူးဖို့
Center-Weighted Metering Mode က ကင်မရာမှာပါလာရတာပါ။ Center-Weighted Metering
Mode ကFrame ရဲ့ အလည် နဲ့သူရဲ့ပါတ်၀န်းကျင်ကိုသာ ဖတ်မှာဖြစ်ပြီး ကျန်ထောင့်စွန်းပိုင်းအားလုံးကို
လျှစ်လျှူရှုလိုက်မှာဖြစ်ပါ တယ်။ Matrix / Evaluative Metering Mode တုန်းကလိုမျိုး
Focus Point ကိုလဲကြည့်မှာမဟုတ်ပဲ ပုံရဲ့ အလည်ပိုင်း ဧရိယာကိုပဲ တွက်ချက်သတ်မှတ်မှာဖြစ်ပါတယ်။
မိတ်ဆွေအနေနဲ့ ကင်မရာကို ပုံရဲ့ အလည်ပိုင်းကိုပဲ အဓိကထား Meter ဖတ်စေချင်တဲ့အခါမျိုးမှာ
ဒီ Mode ကိုသုံးနိုင်ပါတယ်။ Close up
portrait ၊ ဒါမှမဟုတ် Subject ကို အလည်ခေါင်မှာ ထင်ထင်ရှားရှားပြချင်တဲ့အခါမျိူး ဥပမာ-
အထက်ကပြောခဲ့သလို မော်ဒယ် တစ်ယောက်ရဲ့ ဦးခေါင်းပိုင်း လေးကိုပဲ နေလုံးလေးနောက်ခံထားပြီးရိုက်ကူးရာမှာ
သုံးနိုင်ပါတယ်။ ဒီအခါမှာ ဘေး အစွန် အခြားဖက်တွေမှာ ဘယ်လောက်ပဲ Over Exposure များနေစေကာမူ
Center-Weighted Metering Mode ကမိတ်ဆွေရဲ့ Subject ကို Correct Exposure အမှန်ပေးမှာဖြစ်ပါတယ်။
(3) Spot Metering Mode
Spot
Meterint Mode မှာဆိုရင်တော့ Spot ဆိုတဲ့အတိုင်းပဲ ကင်မရာက မိတ်ဆွေ Foucs ထောက်ထားတဲ့
နေရာ နဲ့သူဘေးပတ်ဝန်းကျင်နေရာနဲနဲလေးကိုပဲ တွက်ချက်တိုင်းတာပါတယ်။ Frame ရဲ့အလည်မှာဖြစ်ဖြစ်
ထောင့်မှာ ဖြစ်ဖြစ် ဘယ်နေရာမှာမဆို မိတ်ဆွေ Focus ထောက်ထားတဲ့ နေရာကိုပဲ သူကကြည့်မှာပါ။
ကျန်နေရာအားလုံးကို လျစ်လျူရှုထားမှာဖြစ်ပါတယ်။ ဒါကြောင့်မိမိ Subject ဟာခပ်သေးသေးပဲပါပြီး
အဲဒီ Subject ကိုပဲ အဓိကထား ရိုက်ကူးချင်တဲ့အခါမျိူးမှာ Spot Metering Mode ကိုသုံးသင့်ပါတယ်။
Bird Photography လို့ခေါ်တဲ့ငှက်ရိုက်ကူး တဲ့အခါမျိူးမှာလဲ သုံးနိုင်ပါတယ်။ ကိုယ့်
Subject ဖြစ်တဲ့ ငှက်ဟာ Frame မှာ ခပ်သေးသေးသာပေါ်မှာဖြစ်ပြီး Frame ရဲ့ အလယ်မှာဖြစ်ဖြစ်
ဘေးအစွန်မှာဖြစ်ဖြစ် ရှိနေပြီး၊ ဘေးပတ်ဝန်းကျင်က အလင်းရောင်းအားများနေစေ ကာမူ Spot
Metering Mode က ကိုယ့်Subject ကို Correct Exposure အမှန်တွက်ချက်ပေးမှာဖြစ်ပါတယ်။
နောက်တစ်ခါမိတ်ဆွေအနေနဲ့ Subject ကိုခပ်သေးသေးလေးထားပြီး နေလုံးနောက်ခံနဲ့ ရိုက်ကူးမယ်ဆိုပါစို့။
ဒီနေမျိူး မှာ မိတ်ဆွေရဲ့ Subject ကို Exposure အမှန်ရစေဖို Spot Metering Mode ကအများကြီး
ကူညီ ပေးနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Matrix / Evaluative Metering Mode ဒါမှမဟုတ် Center-Weighted Metering Mode တို့ကိုသုံးမယ်ဆိုရင်
မိတ်ဆွေရဲ့ Subject ဟာ Silhouette လို့ခေါ်တဲ့ အရိပ်မဲမဲ ပုံစံမျိုး ရရှိမှာဖြစ်တယ်။
နောက်ထပ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် မိတ်ဆွေအနေနဲ့ လ ပုံရိုက်ကူးတဲ့အခါမျိုးမှာလဲ ဒီ
Spot Metering Mode ကိုသုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လဟာ မိတ်ဆွေရဲ့ Frame မှာခပ်သေးသေးသာ
ပေါ်မှာဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကလဲ အမှောင်အတိဖုံးလွှမ်းနေမှာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ကလဲ
လ မျက်နာပြင်တစ်ခုတည်းရဲ့ Exposure ကိုပဲ အမှန်လိုချင်မှာဖြစ်တော့ ဒီရိုက်ကူးမှုမျိုးမှာ
Spot Metering Mode အထောက်အကူဖြစ်စေပါတယ်။
OK
… ဒီလောက်ဆို Metering Mode တွေအကြောင်း အခြေခံအားဖြင့် တီးမိခေါက်မိလောက်မယ်ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဒီ Metering Mode တွေကို ကင်မရာမှာဘယ်လိုပြောင်းရလဲဆိုတာတင်ပြပါမယ်။
ကင်မရာမှာ မိမိလိုချင်တဲ့ Metering Mode တွေကို ပြောင်းပုံကတော့ ကင်မရာအမျိုးအစား
Model တွေပေါ်မူတည်ပြီး တစ်ခု နဲ့တစ်ခုမတူညီပါဘူး။ တစ်ချို့ကင်မရာတွေမှာတော့ Menu
Setting ထဲဝင်ပြီး Metering Mode ကို ပြောင်းပေးရ ပါတယ်။ Nikon D810 / D5 တို့လို
Professional DSLR တွေမှာတော့ Camera Body ပေါ်မှာတင် ခလုပ်ပါဝင်လာ ပြီး Menu
Setting ထဲဝင်စရာမလိုပဲ ကိုယ်လိုချင်သလို Metering Mode ကိုရွှေ့ပြောင်းနိုင်ပါတယ်။
ဒါပေမယ့် Metering Mode တွေရဲ့ အလုပ်လုပ်ပုံ အကျိုးသက်ရောက်မှူရှိပုံတွေကတော့ အားလုံးအတူတူပါပဲ။
ယခု Note သည် Nasim
Mansurov ၏ Understanding Metering and Metering Modes Note မှ ထုတ်နှုတ်
ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။
အားလုံး အဆင်ပြေကြပါစေ
…..
Khin
Maung Chin ( Kalaw )
No comments:
Post a Comment