Wednesday, 18 November 2020

Camera Controls

HAPPY HOME PHOTOGRAPHY – NOTE (3)

Camera Controls

DSLR Camera တစ်လုံးရဲ့ အခြေခံလေးတွေကိုလေ့လာကြည့်ရအောင်

၁။ Camera Control (ကင်မရာ ထိန်းချုပ် ခလုတ်များ)











အခုပုံမှာဖေါ်ပြထားတာတွေက အခြေခံအချက်တွေပဲဖေါ်ပြထားတာပါ။ Camera အမျိုးအစားနဲ့ Model အပေါ်မူတည်ပြီး နေရာအထားအသိုပုံစံများအပြောင်းအလဲရှိနိုင်သလိုအခြားခလုပ်များလဲ ထပ်မံပါ၀င် နိုင်ပါသေးတယ်။ ဒါပေမယ့်ဒီအခြေခံအချက်တွေကတော့ DSLR Camera တိုင်းလိုလိုမှာအတူတူပါပဲ…

၂။ Image Sensor (ပုံရိပ်ဖမ်းဆင်ဆာ)



ဓါတ်ပုံခောတ်ဦးကာလတွေမှာတုန်းကတော့ Camera တွေဟာ Image ပုံရိပ်တွေကို Glass Plate ဖန်ပြား၊ ဒါမှမဟုတ် Film ဖလင်ပေါ်မှာ ထင်ဟပ်ပေါ်လွင်စေပါတယ်။ အခု Digital ခောတ်ကြီးမှာတော့ နည်းပညာတွေမြင့်လာတာနဲ့အမျှ Camera တွေဟာ ပုံရိပ်တွေကို Sensor ဆင်ဆာလို့ခေါ်တဲ့ ပုံရိပ်ဖမ်းပြား လေးပေါ်မှာဖမ်းယူ ထင်ဟပ်ပေါ်လွင်စေပါတယ်။

Image Sensor တစ်ခုကိုဘယ်လိုဖွဲ့စည်းတည်ဆောက်ထားသလဲဆိုတော့ အလင်းအာရုံခံစွမ်းအားအ အရမ်းမြင့်ပြီး အလင်းစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်(လျှပ်စစ်ပတ်လမ်း)အဖြစ်ပြောင်လဲပေးတဲ့ Photodiode အရေအတွက်သန်းပေါင်းများစွာကို Grid လို့ခေါ်တဲ့ အကွက်လေးတွေထဲမှာ နေရာချထားပေးပါတယ်။ အဲဒီ Photodiode လေးတွေက ပုံရိပ်ရဲ့အလွန့်အလွန် သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုခြင်းစီကို တိကျတဲ့အလင်းမမာဏနဲ့အတူ record လုပ်ပြီး ပုံရိပ်ကို ဖန်တီးတယ်ပေါ့ဗျာ။ ဒီလိုနဲ့ Sensor မှာ ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေတယ်ပေါ့။ ဒါကအခြေခံပါ။

Image Sensor မှာ CCD (Charge-Couple Device) နဲ့ CMOS ( Complementary Metal-Oxide Semiconductor) ဆိုပြီးရှိပါတယ်။ အခြေခံသဘောကတော့အတူတူပါပဲ။ ပြီးတော့ Camera တစ်လုံး ဝယ်ဖို့စဉ်းစားတဲ့အခါမှာ  Megapixel အရေအတွက်ဟာအရေးအကြီးဆုံး ပထမဦးစားပေးစဉ်းစားရမယ့် အရာအနေနဲ့ မရပ်တည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ်တန်းမှာ Sensor Size ဆင်ဆာရဲ့ပမာဏ ဟာ Megapixel အရေအတွက်ထက်ပိုမိုအရေးပါလို့ပါ။ Megapixel အရေအတွက်နဲ့ Resolution အကြောင်း သီးသန့် Note တစ်ခုအနေနဲ့ ရေးပါဦးမယ်။

၃။ Camera Lens (ကင်မရာ မှန်ဘီလူးများ)



ကင်မရာမှန်ဘီလူးဆိုတာကတော့ အထူးပြုလုပ်ထားတဲ့ပလပ်စတစ်ထည်၊ ဖန်ထည် စတာတွေနဲပြုလုပ်ထားတဲ့ မှန်ဘီလူးလိုအရာတစ်ခုဖြစ်ပါတယ်။ သူကဘာလုပ်ပေးလဲဆိုတော့ အလင်းကိုဖမ်းယူစုစည်းမယ်၊ ပြီးရင် ကင်မရာထဲမှာရှိပြီး ပုံရိပ်ကိုကျုံ့စေတဲ့ Condensing Lens ကိုဖြတ်ပြီး Screen မှာပေါ်လွင်စေမယ်ပေါ့။ Shutter တခါးဖွင့်ပေးလိုက်တဲ့အခါ (တစ်နည်း ဓါတ်ပုံရိုက်လိုက်တဲ့အခါ) Image Sensor က အဲ့ဒီပုံရိပ်ကို ဖမ်းထားလိုက်တယ်ပေါ့။

မိတ်ဆွေက ပေါ့ပေါ့ပါးပါးပဲ ဓါတ်ပုံရိုက်ချင်တာဆိုရင်တော့ Camera မှာ Lens အသေတပ်ထားတဲ့ Point and Shoot Camera တွေကို ရွေးချယ်သင့်ပါတယ်။ Point and Shoot ဆိုတဲ့အတိုင်းပဲ ကိုယ်ရိုက်ချင်တာကို ထိုးချိန်ပြီးရိုက်ရုံပါပဲ။ ဒါပေမယ့် မိတ်ဆွေဟာ ပုံရိပ်အရည်အသွေးကို အလေးထားဖို့လိုအပ်တယ်ဆိုရင်တော့ Lens အမျိုးမျိုးကို ကိုယ်လိုသလို ပြောင်းလဲတပ်ဆင်ရိုက်ကူးနိုင်တဲ့ DSLR ကင်မရာနဲ့၊  သင့်တော်မယ့်Lens တွေကိုရွေးချယ်ရမှာပါ။

ကင်မရာမှာမိမိလိုသလို ပြောင်းလဲတပ်ဆင်နိုင်တဲ့ Lens တွေက ဓါတ်ပုံရိုက်ကူးရာမှာ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေကိုပေးမှာဖြစ်သလို ကိုယ်လိုချင်သလို ဖန်တီးနိုင်ခွင့်ကိုလဲပေးမှာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ Professional ပုံရိပ်တွေကို DSLR ကင်မရာတွေက ကောင်းစွာဖန်တီးနိုင်တယ်ဗျ။

ဒါပေမယ့် သိထားရမှာက DSLR ကင်မရာကော Lens တွေပါ စျေးတော့ အတော်ကြီးသဗျ။။။။

၄။ Camera Modes ( ကင်မရာ မုဒ်များ)


DSLR ကင်မရာတွေမှာ ရိုက်မယ့် Subject ပေါ်မူတည်ပြီး ရွေးချယ်စရာ Mode များစွာရှိပါတယ်။

အခြေခံအနေနဲ့ Auto မှာထားပြီး ရိုက်မယ်ဆိုရင် Camera ကအရာအားလုံးကို အနီးစပ်ဆုံးသူဟာသူဆုံးဖြတ်ပြီးရိုက်ကူးပါလိမ့်မယ်။လူကဘာမှလုပ်စရာမလိုပါ။လုပ်လို့လဲမရပါ။

 မှတ်တမ်းရဖို့ အဓိကအရေးကြီးပြီး အချိန်နဲ့ အရေးတကြီးရိုက်ရမယ့်နေရာမျိုးမှာသုံးသင့်ပါတယ်။

PROGRAM မှာထားပြီးရိုက်ကူးမယ်ဆိုရင်တော့ Camera က Exposure ကိုAuto ထိန်းညှိပါလိမ့်မယ်။

လူက ISO, White Balance, Metering စတာတွေကို ကိုယ်လိုသလို ထိမ်းချုပ်နိုင်ပါတယ်။

နောက်ထပ် Landscape, Portrait, Macro စသည်ဖြင့် အခြားMode တွေလဲ အများကြီးပါပါသေးတယ်။

အခြေ ခံအားဖြင့်အဲဒီ​ Mode လေးတွေကို မှန်ကန်စွာ ရွေးချယ်ရိုက်ကူးခြင်းအားဖြင့် Camera က ရိုက်ကွင်းကို Auto ဆုံးဖြတ်ရာမှာ အကောင်းဆုံးဖြစ်စေမှာဖြစ်ပါတယ်။ (ဥပမာ- Landscape ရိုက်ဖို့ Landscape နေရာမှာ ထားပြီးရိုက်ကူးခြင်း)။ ဒီနေရာမှာတော့ ကင်မရာက အားလုံး သူ့ဟာသူအလုပ်လုပ်တာပါ။ လူက သက်ဆိုင်ရာ နေရာလေးတွေကို ခလုတ်ရွေ့ပေးရုံပါပဲ။

ကျွမ်းကျင်လာတဲ့ နောက်ပိုင်းမှာတော့ Semi-Auto mode နဲ့ Manual Mode တွေမှာထားပြီးလဲ ရိုက်ကူးနိုင်ပါတယ်။ DSLR Camera တွေမှာ Simi Auto Mode (၂)မျိုးရှိပါတယ်။

Shutter Priority Mode (TV or S ) နဲ့ Aperture Priority Mod ( Av or A ) တွေပါ။

Shutter Priority Mode ဆိုတာကတော့ Camera Shutter Speed ကိုလူကလိုသလို ထိမ်းချုပ်ပြီးCamera က Aperture ကိုလိုအပ်သလို ပြောင်းလဲ ပြင်ဆင်ပေးပါတယ်။ Shutter Speed ကို ကိုယ်လိုချင်သလိုထားချင်တဲ့အခါမျိုးမှာသုံးပါတယ်။ (ဥပမာ-လှုပ်ရှားမှုတွေကိုရိုက်မှာမို့ Shutter အမြန်လိုချင်တဲ့အခါမျိုး)

Aperture Priority Mode မှာတော့ လူက Aperture ကိုလိုသလိုထားရမှာဖြစ်ပြီး Camera က Shutter Speed ကိုလိုသလို ထိန်းညှိပေးမှာဖြစ်ပါတယ်။ Depth of Field လို့ခေါ်တဲ့ ပုံရိပ်ကြည်လင်မှု ဧရိယာကို လိုသလိုထားချင်တဲ့အခါမျိုးမှာသုံးပါတယ်။ (ဥပမာ-နောက်ခံ Background ကိုဝါးစေချင်တဲ့အခါမျိုး)

Manual Mode မှာတော့ ကင်မရာရဲ့ Shutter Speed, Aperture စတာတွေအပြင် အခြား Setting အားလုံးကို လူကကိုယ်လိုချင်သလို ထိန်းချုပ်ရိုက်ကူးခွင့်ရှိပါတယ်။ ကိုယ်ဖန်တီးချင်သလို ဖန်တီးခွင့် ရှိတယ်ပေါ့ဗျာ။ ဒီ Mode နဲ့ ရိုက်ကူးဖို့ ကင်မရာ Setting တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့လိုသလို Exposure လို့ခေါ်တဲ့ အလင်းအမှောင်အကြောင်းကိုလဲ သိထားဖို့တော့လိုပါတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်သတ်မှတ်လိုက်တဲ့ Setting က အဆင်မပြေခဲ့ရင် ကိုယ်ရိုက်ကူးလိုက် တဲ့ ပုံရိပ်တစ်ခုလုံးဟာလဲ လုံး၀ပျက်စီးသွားနိုင်လို့ပါ။

Exposure (အလင်း/အမှောင်)နဲ့ သူ့အပေါ်မှာသက်ရောက်တဲ့ Shutter Speed, Aperture,ISO တို့ရဲ့အကြောင်းတွေကို သီးသန့် Note အနေနဲ့ ဖေါ်ပြပါဦးမယ်။အဲဒါကို Exposure Triangle လို့လဲ လူသိများပါတယ်။


၅။ Build-in Flash ( ကင်မရာတွင်တွဲလျက်ပါလာသော Flash)


Build-in Flash တွေဟာ ဒစ်ဂျစ်တယ်ကင်မရာတိုင်းလိုလိုမှာပါတတ်ပါတယ်။ Exposure, Metering, Focusing နဲ့ Zoom System အပေါ်မူတည်ပြီး ကင်မရာကွန်ပျူတာက သက်ဆို်ငရာပုံရိပ်အတွက် Flash

လိုအပ်သလားမလိုအပ်ဘူးလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ Compact Camera တွေမှာ Build-in Flash ရဲ့ Timing နဲ့ ပြင်းအားကို ကိုယ်လိုသလို ချိန်ညှိထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် DSLR ကင်မရာတွေရဲ့ Build-in Flash တွေကတော့ Shutter နဲ့တပြိုင်တည်း ပွင့်ခိုင်းလို့ရသလို Shutter ပွင့်ပြီးနောက်မှ ပွင့်စေချင်ရင်လဲရပါတယ်။ Flash ရဲ့ပြင်းအားကိုလဲ အတိုင်းအတာတစ်ခုထိ လိုသလို ထိမ်းချုပ်လို့ရပါတယ်။ ဆိုတော့ကာDSLR Build-in Flash တွေက အနုပညာရသပိုပေးစွမ်းနိုင်သလို အသုံးပြုရတာလဲ ကျေနပ်စရာပိုကောင်းတယ်လို့ ပြောလို့ရတာပေါ့နော်။


 

၆။ Viewing System ( ရှုမြင်ရတဲ့ မြင်ကွင်းစနစ်ပုံစံ)


Digital Camera အများစုမှာ မြင်ရတဲ့ မြင်ကွင်းစနစ်ပုံ (၂)မျိုးရှိပါတယ်။ အလွယ်ပြောရရင်တော့ ချောင်းကြည့်ပေါက်က မြင်ရတာနဲ့၊ LCD Screen ကမြင်ရတာပါ။ချောင်းကြည့်ပေါက်က မြင်ရတာက Optical view finder ဖြစ်ပြီး၊ LCD Screen ကမြင်ရတာက Electronic viewfinder ဖြစ်ပါတယ်။ နှစ်ခုစလုံးက မိတ်ဆွေရဲ့ ကင်မရာ Lens ကဘာကိုမြင်နေတယ်ဆိုတာကိုဖေါ်ပြပေးမှာဖြစ်ပါတယ်။ Electronic view finder ကိုယ်ရိုက်ကူးမယ့်မြင်ကွင်းရဲ့ Colour Balance တွေကို သေချာစွာ မြင်တွေ့ စေမှာဖြစ်သလို ပုံမှာပါဝင်လာမယ့် Hight Light တွေ Over expose ဖြစ်နေရင်လဲ အလွယ်တကူ မြင်တွေ့စေမှာပါ။ Optical view finder ကတော့ မိတ်ဆွေကင်မရာ Lens ကမြင်နေရတာကို တကယ်အပြင်မှာ မြင်တွေ့နေရသလိုမျိုး ကြည်လင်ပြတ်သားစွာမြင်တွေ့စေမှာမို့ ပိုမိုကောင်းမွန်တဲ့ Composation မြင်ကွင်းကို ရရှိစေမှာဖြစ်ပါတယ်။

မှတ်ချက်။      ။ ယခု Note  သည် Attila Kun ၏ Learn the Basic of your Digital SLR Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်း ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက် ကြောင့်သာဖြစ်ပါကြောင်း။ 


အားလုံးအဆင်ပြေကြပါစေ။

Khin Maung Chin (Kalaw)


No comments:

Post a Comment

Most View